ထိုင်းနိုင်ငံအစိုးရက ပို့ကုန်လုပ်ထုံးလုပ်နည်းများကို ချောမွေ့စေရန်၊ စာရွက်စာတမ်းအထောက်အထားများလျှော့ချရန်နှင့် နိုင်ငံတကာကုန်သွယ်မှုကို အရှိန်မြှင့်ရန်အတွက် ၂၀၂၆ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် Self-Origin Certification (SOC) စနစ်ကို စတင်ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရပါသည်။
ယင်းဆောင်ရွက်မှုသည် ပို့ကုန်လုပ်ထုံးလုပ်နည်းများခေတ်မီစေရန်နှင့် ထိုင်းစီးပွားရေးလုပ်ငန်းများအတွက် ထိရောက်မှုမြှင့်တင်ရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာနက အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း၊ ယခင်က အကောက်ခွန်ဆိုင်ရာ အကျိုးခံစားခွင့်များအတွက် မူလရင်းမြစ်သက်သေခံလက်မှတ်(C/O)ကိုရှာဖွေသော ပို့ကုန်လုပ်ငန်းရှင်များသည် မှတ်ပုံတင်ခြင်း၊ လျှောက်လွှာတင်ခြင်းနှင့် ထောက်ခံချက်စာရွက် စာတမ်းများတင်သွင်းခြင်းနှင့် လူကိုယ်တိုင်လက်မှတ်များ စုဆောင်းခြင်းတို့အပါအဝင် စာရွက်အခြေခံအဆင့်များ ဆောင်ရွက်ရန်လိုအပ်ပြီး လုပ်ငန်းစဉ်သည် ရက်ပေါင်းများစွာကြာမြင့်တတ်ကြောင်း၊ SOC စနစ်ဖြင့်၊ လုပ်ထုံးလုပ်နည်းအားလုံးသည် ဒစ်ဂျစ်တယ်ပလပ်ဖောင်းသို့ ရွေ့သွားမည်ဖြစ်ကြောင်း၊တင်ပို့သူများသည် လျှောက်လွှာတင်ခြင်း၊ စာရွက် စာတမ်းများအပ်လုဒ်လုပ်ခြင်း၊အခြေအနေကိုခြေရာခံခြင်းနှင့် လက်မှတ် များကို အွန်လိုင်းတွင် လွတ်လပ်စွာပုံနှိပ်နိုင်ကြောင်း အစိုးရ၏ ဒုတိယအစိုးရပြောရေးဆိုခွင့်ရှိသူ Lalida Periswiwatana က ပြောကြားခဲ့ပါ သည်။
စီးပွားရေးလုပ်ငန်းများသည် SOC ပလပ်ဖောင်းကိုအွန်လိုင်းမှဝင်ရောက် ကြည့်ရှုနိုင်ပြီး နိုင်ငံခြားကုန်သွယ်မှုဦးစီးဌာန၏ SMART-I စနစ်ဖြင့် မှတ်ပုံတင်နိုင်ကြောင်း၊ စနစ်သစ်သည် လုပ်ဆောင်ချိန်များကို လျှော့ချရန်၊ စာရွက်စာတမ်းများကို လျှော့ချရန်၊ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ရန်နှင့်အချိန်နှင့်တစ်ပြေးညီအပလီကေးရှင်းခြေရာခံခြင်းကို လုပ်ဆောင် နိုင်မည်ဟု မျှော်လင့်ရကြောင်း၊ မှတ်ပုံတင်ခြင်းတွင် လွန်ခဲ့သည့်သုံးလအတွင်း ထုတ်ပေးထားသော ကုမ္ပဏီမှတ်ပုံတင်လက်မှတ်၊ တရားဝင်လက်မှတ်ထိုးသူများအတွက် သက်သေခံကတ်ပြားနှင့် လုပ်ငန်းတည်နေရာမြေပုံတစ်ခုလိုအပ်ပါကြောင်း၊ ထုတ်လုပ်သူများသည် စက်ရုံလည်ပတ်ခွင့်လိုင်စင်များ၊ ထုတ်လုပ်မှုလုပ်ငန်းစဉ်အသေးစိတ်များနှင့် ထုတ်လုပ်မှုနှင့်သိုလှောင်ရုံများ၏မြေပုံများကို တင်ပြရမည်ဖြစ်ကြောင်း၊ SOC စနစ်ကို စတင်အသုံးပြုခြင်းသည် ဒစ်ဂျစ်တယ်အစိုးရဝန်ဆောင်မှုများကို မြှင့်တင်ရန်၊ ပို့ကုန်လုပ်ငန်းရှင်များအတွက် စီမံခန့်ခွဲရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများကို လျှော့ချရန်၊ကုန်သွယ်မှုစွမ်းဆောင်ရည်မြှင့်တင်ရန်နှင့် ထိုင်းထုတ်ကုန်များ၏ ကမ္ဘာလုံးဆိုင်ရာယှဉ်ပြိုင်နိုင်စွမ်းကို အားကောင်းလာစေရန်အတွက် အရေးကြီးသောခြေလှမ်းဖြစ်ကြောင်း သိရှိရပါသည်။
Source: NBTWorld
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)