International News

ထိုင်းနိုင်ငံအစိုးရက စက်သုံးဆီပိုမိုရရှိနိုင်ရေး ဆွေးနွေးသွားရန်ရှိ

Last Updated:

ထိုင်းနိုင်ငံသည် ရုရှားနိုင်ငံတစ်ခုတည်းသာမက ရေနံထုတ်လုပ်သည့် အဓိကနိုင်ငံအားလုံးနှင့် စွမ်းအင်ထောက်ပံ့မှုများရရှိစေရန် ဆွေးနွေးနေကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် စွမ်းအင်ပြတ်လပ်မှုနှင့် ရင်ဆိုင်ရမည်မဟုတ်ကြောင်း အရှေ့အလယ်ပိုင်းအခြေအနေဆိုင်ရာ ပူးတွဲစီမံခန့်ခွဲမှုနှင့် စောင့်ကြည့်ရေးစင်တာနှင့် အစည်းအဝေးတစ်ခုတွင် ဝန်ကြီးချုပ် Anutin Charnvirakul က ပြောကြားခဲ့ပါသည်။

အရှေ့အလယ်ပိုင်းတွင် ပဋိပက္ခများရှိနေသော်လည်း ထိုင်းနိုင်ငံတွင် ရေနံထောက်ပံ့မှုအလုံအလောက်ရှိကြောင်း၊  ထိုင်းနိုင်ငံသည် စွမ်းအင်အတွက် ပေးသွင်းသူတစ်ခုတည်းအပေါ် မှီခိုနေခြင်းမဟုတ်ကြောင်း၊ ထို့ပြင် ရုရှားတစ်နိုင်ငံတည်းမဟုတ်ဘဲ ရေနံထုတ်လုပ်သည့် နိုင်ငံတိုင်းနှင့်  ဆွေးနွေးနေပါကြောင်း၊ ဓာတ်ဆီဆိုင်များကုန်ခန်းသွားသည်ဟု သတင်းအချို့ရှိသော်လည်း အစိုးရအနေဖြင့် စွမ်းအင်ပြတ်လပ်မှုမရှိနိုင်ဟု ယုံကြည်နေဆဲဖြစ်ကြောင်း၊ အစိုးရအနေဖြင့် ရေနံလောင်စာရန်ပုံငွေ ကဲ့သို့သောယန္တရားများမှတစ်ဆင့် ထောက်ပံ့မှုများကို ဆက်လက်စီမံခန့်ခွဲပြီး ဈေးနှုန်းများကို တည်ငြိမ်စေမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် သဘာဝဓာတ်ငွေ့မှ အဓိကအားဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်သော ကြောင့် လျှပ်စစ်ဓာတ်အားထောက်ပံ့မှုများဖူလုံနေဆဲဖြစ်ကြောင်း၊ အစည်းအဝေးသို့ PTT Plc မှ အမှုဆောင်အရာရှိများနှင့် နိုင်ငံတစ်ဝှမ်းရှိ လောင်စာဆီဖြန့်ဖြူးရေးအတွက် တာဝန်ရှိသော အဓိကရေနံကုန်သည်များနှင့် လုပ်ငန်းရှင်များအပါအဝင် စွမ်းအင်ကဏ္ဍမှ အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။

Thai Oil၊ Bangchak Corporation၊ Shell နှင့် Star Petroleum Refining အပါအဝင် ရေနံကုမ္ပဏီများသည် ပြတ်လပ်မှုလက္ခဏာများမရှိကြောင်းနှင့်ထောက်ပံ့မှုများလုံလောက်စွာရှိနေကြောင်းကို အတည်ပြုခဲ့ကြောင်း၊ယုံကြည်မှုရှိနေသော်လည်းအရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် စွမ်းအင်ကိုချွေတာသုံးစွဲရန် ပြည်သူလူထုကို တိုက်တွန်းလိုကြောင်း၊ ပိုမိုထိန်းသိမ်းရေးသည် နိုင်ငံ၏သယံဇာတများကို တိုးချဲ့ရန် အထောက် အကူဖြစ်စေမည်ကြောင်း ဝန်ကြီးချုပ် Anutin က တိုက်တွန်းခဲ့ပါသည်။

နိုင်ငံတွင် အနည်းဆုံးရက်ပေါင်း ၉၆ ရက်အတွက် လုံလောက်သော အရန်လောင်စာရှိကြောင်း ဒုတိယဝန်ကြီးချုပ် ဘဏ္ဍာရေးဝန်ကြီး Ekniti Nitithanprapas က ပြောကြားခဲ့ကြောင်း၊ နိုင်ငံတစ်ဝှမ်းရှိ ရေနံဂိုဒေါင်များကို မကြာသေးမီက စစ်ဆေးမှုများအရ စီးပွားဖြစ်ရေနံလီတာ ၁.၄ ဘီလီယံခန့်နှင့်ဥပဒေအရ လိုအပ်သော နောက်ထပ်လီတာ ၃.၄ ဘီလီယံ ရှိကြောင်း၊ ၎င်းတို့အားလုံးပေါင်းလျှင် ရက်ပေါင်း ၃၉ ရက်ခန့်ထောက်ပံ့မှုရှိကြောင်း၊ ထိုင်းနိုင်ငံသို့ ရောက်ရှိနေသော နောက်ထပ်တင်ပို့မှုများ သည်  ၂၇ ရက်အတွက်လုံလောက်ပြီး အတည်ပြုပြီးသော လာမည့်ထောက်ပံ့မှုများသည် နောက်ထပ် ၃၀ ရက်ခန့် အတွက်ဖြစ်သဖြင့် စုစုပေါင်း ၉၆ ရက်ခန့်ရှိပြီဖြစ်ကြောင်း စွမ်းအင်လုပ်ငန်းဌာန၏ ညွှန်ကြားရေးမှူးချုပ် Sarawut Kaewtathip က ရှင်းလင်းပြောကြားခဲ့ပါသည်။

 Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News