International News

စင်ကာပူနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား Carbon Credits ဆိုင်ရာနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး

Last Updated:

လာအိုနိုင်ငံဝန်ကြီးချုပ်၏ စင်ကာပူနိုင်ငံသို့တရားဝင်လာရောက်သည့်ခရီးစဉ်အတွင်း စင်ကာပူနိုင်ငံနှင့် လာအိုနိုင်ငံတို့အကြား Carbon Credits ပူးပေါင်းမှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့တွင် စင်ကာပူနိုင်ငံ၊ ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန(Ministry for Sustainability and the Environment)ဝန်ကြီးနှင့် Minister-in-charge of Trade Relations ဖြစ်သူ Grace Fu နှင့် လာအိုနိုင်ငံ၊ သဘာဝ အရင်းအမြစ်များနှင့် ပတ်ဝန်းကျင်ဝန်ကြီးဌာန ဝန်ကြီး Bounkham Vorachit တို့က လက်မှတ်ရေးထိုးခဲ့ပါသည်။

အဆိုပါနားလည်မှုစာချွန်လွှာအရ နှစ်နိုင်ငံသည် ပါရီသဘောတူစာချုပ်၏ အခန်း(၆)(Article 6 of the Paris Agreement)နှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီး ကာဗွန်ဈေးကွက်(Carbon Market)ဆိုင်ရာ အသိပညာများနှင့် အလေ့အကျင့်ကောင်းများဝေမျှခြင်း၊ carbon credits လွှဲပြောင်းမှုအတွက် နှစ်နိုင်ငံမူဘောင်ချမှတ်ရန် ဥပဒေအရစည်းနှောင်မှုရှိသည့် အကောင်အထည်ဖော်ရေးသဘောတူစာချုပ်အတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

“Carbon Credit စီမံကိန်းများသည် အလုပ်အကိုင်အသစ်များ၊ စွမ်းအင်ဖူလုံမှုတိုးတက်စေရေး၊ ပတ်ဝန်းကျင်ညစ်ညမ်းမှုကို လျှော့ချခြင်းစသည့် လူမှုအသိုက်အဝန်းအတွက် အကျိုးဖြစ်ထွန်းစေရေး ဆောင်ရွက်ရာတွင် ဘဏ္ဍာ ရေးပိုင်းဆိုင်ရာ အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုသည် ကမ္ဘာ့ရာသီဥတုဆိုင် ရာဆောင်ရွက်ချက်များအရှိန်အဟုန်မြှင့်တင်ခြင်းနှင့် နိုင်ငံအလိုက်ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေး(net-zero) ရည်မှန်းချက်ကို အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း” ဝန်ကြီး Grace Fu က ပြောကြားခဲ့ပါသည်။

စင်ကာပူနိုင်ငံသည် Singapore Green Plan 2030 အရ လာမည့် ၁၀ နှစ်အတွင်း UN’s 2030 Sustainable Development Agenda နှင့် Paris Agreement တို့အရ စင်ကာပူနိုင်ငံ၏ကတိကဝတ်များကို ပြည့်မီစေရေး၊ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ နိုင်ငံများနှင့် Carbon Credits ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများသည် ၎င်း၏ရာသီဥတုနှင့်ပတ်ဝန်းကျင်ဆိုင်ရာမျှော်မှန်းချက်များကိုပြည့်မီစေရေး ဆောင်ရွက်ချက်များအနက်တစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        The Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News