International News

၂၀၂၃ ခုနှစ်အတွင်း ယူအေအီးနိုင်ငံ၏ကုန်သွယ်မှုသည် ခိုင်မာသောဝန်ဆောင်မှုများနှင့်အတူ AED ၄.၆၁ ထရီလီယံအထိ တိုးတက်လာ

Last Updated:

၂၀၂၃ ခုနှစ်တွင် ယူအေအီးနိုင်ငံ၏ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကုန်သွယ်မှုသည် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁.၂၅၈ ထရီလီယံ(AED ၄.၆၁ ထရီလီယံ)သို့ရောက်ရှိခဲ့ပြီး ဝန်ဆောင်မှုကဏ္ဍမှ အဓိကအားပြုကာ ယခင်နှစ်များ၏ အလားတူအဆင့်ကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO)က ဖော်ပြထားပါသည်။

ကုန်ပစ္စည်းကုန်သွယ်မှု

ယူအေအီးနိုင်ငံမှကုန်ပစ္စည်းတင်ပို့မှုမှာ ၅ %(အမေရိကန်ဒေါ်လာ ၄၈၈ ဘီလီယံ)အထိ ကျဆင်းသွားခဲ့ပြီး ပို့ကုန်ကဏ္ဍတွင် ကမ္ဘာ့အဆင့် ၁၄ နေရာတွင်ရပ်တည်ခဲ့ပါသည်။ အခြားတစ်ဖက်တွင်မူ သွင်းကုန် ၇ % တိုးတက်လာခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၄၉ ဘီလီယံအထိမြင့်တက်လာခဲ့ကာ ယူအေအီးနိုင်ငံသည်ကမ္ဘာပေါ်တွင် ၁၆ ခုမြောက် အကြီးမားဆုံးတင်သွင်းသူဖြစ်လာခဲ့ပါသည်။ ယူအေအီးနိုင်ငံ၏ ကမ္ဘာလုံးဆိုင်ရာကုန်ပစ္စည်းတင်ပို့မှုနှင့် သွင်းကုန်ဝေစုတို့မှာ  ၂.၁ % နှင့် ၁.၉ % အသီးသီးရှိကြပါသည်။

၂၀၂၃ ခုနှစ်တွင်ပျမ်းမျှ ၆၃ % ကျဆင်းသွားခဲ့သည့် ရေနံနှင့်သဘာဝဓာတ်ငွေ့ကဲ့သို့သောကုန်စည်စျေးနှုန်းများကျဆင်းသွားမှုကြောင့် စီးပွားရေးလုပ်ငန်းအများစုတွင် ကုန်ပစ္စည်းတင်သွင်းမှုယေဘုယျအားဖြင့် ကျဆင်းသွားခဲ့ကြောင်း WTO က မီးမောင်းထိုးဖော်ပြခဲ့ပါသည်။ သို့သော်လည်း၊ ယူအေအီး၊ ရုရှားနှင့် ဆော်ဒီအာရေးဗီးယားတို့ကဲ့သို့သော အခြားကြီးမားသည့် စွမ်းအင်လုပ်ငန်းပို့ကုန်လုပ်ငန်းရှင်များနှင့်အတူ သွင်းကုန်များတိုးတက်လာသဖြင့် ယူအေအီးနိုင်ငံသည် ၇ % မြင့်တက်လာခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

စီးပွားရေးသဘောတူညီချက်များ၏ သက်ရောက်မှု

ယူအေအီးနိုင်ငံသည် အိန္ဒိယ၊ ဂျော်ဂျီယာ၊ တောင်ကိုရီးယားနှင့် အစ္စရေးနိုင်ငံများတို့အပါအဝင် အခြားနိုင်ငံများနှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်(CEPA)မှတစ်ဆင့် ၎င်း၏ ကုန်သွယ်မှုနှင့် ကုန်သွယ်မှုဝန်ဆောင်မှုကဏ္ဍများကို အားကောင်းလာစေခဲ့ပါသည်။ အဆိုပါသဘော တူညီချက်များသည် နိုင်ငံ၏ကုန်သွယ်မှုလုပ်ငန်းများကို သိသိသာသာမြှင့်တင်ပေးနိုင်ခဲ့ပါသည်။

ဝန်ဆောင်မှုကဏ္ဍ တိုးတက်မှု

ကုန်သွယ်မှုပမာဏကျဆင်းသွားသော်လည်း ဝန်ဆောင်မှုကဏ္ဍတွင် မြင့်တက်လာမှုသည် ကျဆင်းမှုကိုကာမိရန် အထောက်အကူဖြစ်စေခဲ့ပါသည်။ ယူအေအီးအစိုးရသည် ကျွမ်းကျင်ပညာရှင်များ၊ သိပ္ပံပညာရှင်များနှင့်ထူးချွန်ကျောင်းသားများအား ရွှေဗီဇာ(Golden Visa)နှင့် ငွေဗီဇာ(Silver Visa)ကဲ့သို့သောကာလရှည်နေထိုင်ခွင့်များကို ပေးဆောင်ခြင်းဖြင့် ထိပ်တန်းကမ္ဘာ့စွမ်းရည်များကို ဆွဲဆောင်လျက်ရှိကာ ဝန်ဆောင်မှုအခြေပြုစီးပွားရေးနိုင်ငံအဖြစ်ထူထောင်ရန် တက်ကြွစွာဆောင်ရွက်လျက်ရှိပါသည်။

ကုန်စည်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများနှင့်ပတ်သက်၍ ယူအေအီးသည် ကမ္ဘာ့အဆင့် ၁၃ နေရာတွင်ရပ်တည်လျက်ရှိပြီး ပို့ကုန်သည် ၈ %(အမေရိကန်ဒေါ်လာ ၁၆၅ ဘီလီယံ)အထိ တိုးမြင့်လာခဲ့ပါသည်။  ကုန်စည်ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများတွင် တင်သွင်းမှုသည် ၁၃ %  မြင့်တက်လာခဲ့ပြီး ယူအေအီးနိုင်ငံသည်ကမ္ဘာပေါ်တွင် ၁၈ ခုမြောက် အကြီးမားဆုံးတင်သွင်းသူဖြစ်လာခဲ့ပါသည်။

ဒစ်ဂျစ်တယ်စနစ်ဖြင့် ပေးပို့သောဝန်ဆောင်မှုများ

ယူအေအီးနိုင်ငံသည် ၂၀၂၃ ခုနှစ်တွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၄၈ ဘီလီယံဖြင့် ယမန်နှစ်က အမေရိကန်ဒေါ်လာ ၄၆ ဘီလီယံထက်တိုးတက်လာခဲ့ပြီး ဒစ်ဂျစ်တယ်ပို့ဆောင်သည့်ဝန်ဆောင်မှုများ၌ ကမ္ဘာတစ်ဝှမ်းတွင် အဆင့် ၂၀ နေရာတွင် ရပ်တည်လျက်ရှိပါသည်။

ကမ္ဘာ့ကုန်သွယ်မှုလမ်းကြောင်းများ

ယူအေအီးနိုင်ငံနှင့် အခြားသောပင်လယ်ကွေ့နိုင်ငံများမှ ကုန်စည်တင်ပို့မှုကျဆင်းရခြင်းမှာ ကုန်စည်စျေးနှုန်းများကျဆင်းသွားခြင်းကြောင့်ဖြစ်ပါသည်။  ကမ္ဘာတစ်ဝှမ်းလုံးတွင် ကမ္ဘာ့ကုန်သွယ်မှုတန်ဖိုးသည် ၂၀၂၃ ခုနှစ်တွင် ၅ % ဖြင့် အမေရိကန်ဒေါ်လာ ၂၄.၀၁ ထရီလီယံအထိ ကျဆင်းသွားခဲ့ပါသည်။ သို့သော်လည်း အဆိုပါကျဆင်းမှုသည် ၉ %(အမေရိကန်ဒေါ်လာ ၇.၅၄ ထရီလီယံ)အထိ မြင့်တက်ခဲ့သော ကူးသန်းရောင်းဝယ်ရေးဝန်ဆောင်မှုများကဏ္ဍ၏ ကုန်သွယ်မှုတွင် အားကောင်းလာခြင်းကြောင့် ခုနှိမ်နိုင်ခဲ့ခြင်းဖြစ်ပါသည်။

အနာဂတ် ခန့်မှန်းချက်များ

အရှေ့ကိုမျှော်ကြည့်ရာတွင် WTO မှ ကမ္ဘာ့ကုန်သွယ်မှုပမာဏသည် ၂၀၂၄ ခုနှစ် တွင် ၂.၆ % နှင့် ၂၀၂၅ ခုနှစ်တွင် ၃.၃ % တိုးတင်လာမည်ဟု မျှော်မှန်းထားပြီး ၂၀၂၃ ခုနှစ်တွင် ကျဆင်းသွားခဲ့ရပြီး နောက်ယခုအခါတွင် ကုန်သွယ်မှုဝယ်လိုအားများ ပြန်လည်ကောင်းမွန်လာသောကြောင့်ဖြစ်ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News