ဇန်နဝါရီမှ ဇွန်လအထိ ဗီယက်နမ်နိုင်ငံသည် အမေရိကန်ဒေါ်လာ ၉၄၀.၅ သန်းတန်ဖိုးရှိ ငရုတ်ကောင်းတန်ချိန် ၁၄၅,၇၀၀ ခန့်တင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက တင်ပို့မှုပမာဏ ၁၇.၄ ရာခိုင်နှုန်းနှင့် တန်ဖိုး ၁၀.၆ ရာခိုင်နှုန်းမြင့်တက်လာခဲ့ပါသည်။
ပြည်တွင်း၌ ငရုတ်ကောင်းကုန်ကြမ်းရရှိမှုပမာဏလျော့နည်းလာသော်လည်း အဓိကပြည်ပဈေးကွက်များမှ ဝယ်လိုအားကောင်းမွန်နေဆဲဖြစ်သောကြောင့် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ဗီယက်နမ်နိုင်ငံ၏ ငရုတ်ကောင်းတင်ပို့မှုပမာဏမှာ ယခင်နှစ်ထက်မြင့်တက်လာခဲ့ကြောင်း ဗီယက်နမ်ငရုတ်ကောင်းနှင့် ဟင်းခတ်အမွှေးအကြိုင်အသင်း(VPSA)က ပြောကြားခဲ့ပါသည်။
ပြည်တွင်း၌ ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်မှုကျဆင်းနေသော်လည်း တင်ပို့သူများသည် ပြည်ပသို့ဆက်လက်တင်ပို့နိုင်ရန် တင်သွင်းလာသော ငရုတ်ကောင်းကုန်ကြမ်းများအပေါ် ပိုမိုမှီခိုလာကြပါသည်။ သို့သော် ပြည်တွင်းကုန်ကြမ်းပိုမိုနည်းပါးလာခြင်းကြောင့် မကြာသေးမီလများအတွင်း တင်ပို့မှုအရှိန်မှာ အနည်းငယ်ပြန်လည်နှေးကွေးသွားခဲ့ပါသည်။
အာရှဈေးကွက်သို့ စုစုပေါင်းတင်ပို့မှု၏ ၄၅.၆ ရာခိုင်နှုန်း၊ တန်ချိန်အား ဖြင့် ၆၆,၄၅၆ တန်တင်ပို့ခဲ့ပြီး ယခင်နှစ်ထက် ၁၅.၂ ရာခိုင်နှုန်းမြင့်တက်ကာ အကြီးဆုံးဈေးကွက်အဖြစ် ဆက်လက်တည်ရှိနေပါသည်။ တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ ၆၄ ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပြီး တန်ချိန် ၁၅,၂၄၄ တင်ပို့နိုင်ခဲ့ပါသည်။ ယူအေအီးနိုင်ငံသို့ ၁၀.၉ ရာခိုင်နှုန်းတိုးတက်၍ ၉,၇၀၃ တန်တင်ပို့ခဲ့ပြီး ထိုင်းနိုင်ငံသို့ တင်ပို့မှုမှာ နှစ်ဆနီးပါးမြင့်တက်ခဲ့သော်လည်း အိန္ဒိယနိုင်ငံသို့ တင်ပို့မှုမှာ ၂၇.၂ ရာခိုင်နှုန်းကျဆင်းသွား ခဲ့ပါသည်။
ဗီယက်နမ်၏အကြီးဆုံးဈေးကွက်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုသို့ တင်ပို့မှုသည် ၂၈.၇ ရာခိုင်နှုန်း၊ တန်ချိန် ၃၅,၃၆၀ အထိတိုးတက်တင်ပို့လာခဲ့ရာ အမေရိကတိုက်သို့ တင်ပို့မှုကို ၃၁.၁ ရာခိုင်နှုန်းမြင့်တက်စေရန် တွန်းအားပေးရာ၌ အထောက်အပံ့ပေးနိုင်ခဲ့ပါသည်။
ဥရောပဈေးကွက်ရှိ နယ်သာလန်နိုင်ငံသို့ တင်ပို့မှုမှာ ၅၃.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သော်လည်း ဂျာမနီသို့ တင်ပို့မှုမှာ ၂၄ ရာခိုင်နှုန်း ကျဆင်းသွားခဲ့ခြင်းကြောင့် ဥရောပတစ်ဝန်းလုံးသို့ တင်ပို့မှုမှာ ၇.၁ ရာခိုင်နှုန်း၊ တန်ချိန် ၃၀,၉၃၀ တိုးတက်တင်ပို့နိုင်ခဲ့ပါသည်။
ဗီယက်နမ်သည် ယခုနှစ် ပထမ ၆ လပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၅၇.၇ သန်းတန်ဖိုးရှိ ငရုတ်ကောင်းတန်ချိန် ၄၅,၂၀၀ နီးပါးတင်သွင်းခဲ့ပါသည်။ ထိုသို့တင်သွင်းမှုသည် ယခင်နှစ် အလားတူကာလထက် တင်သွင်းမှုပမာဏ ၆၀ ရာခိုင်နှုန်းနှင့် တန်ဖိုး ၄၈ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်ပြီး ပြည်တွင်းအထွက်လျော့ကျလာခြင်းကြောင့် ငရုတ်ကောင်းစိုက်ပျိုးထုတ်လုပ်သူများသည် ပြည်ပကုန်ကြမ်းများအပေါ် ပိုမိုမှီခိုနေရဆဲဖြစ်ပါသည်။
ကမ္ဘောဒီးယားသည် ဗီယက်နမ်သို့ ငရုတ်ကောင်းအများဆုံးတင်သွင်းသည့်နိုင်ငံဖြစ်ပြီး ယခင်နှစ်ထက် ၂၇၄ ရာခိုင်နှုန်းတိုးမြင့်၍ တန်ချိန် ၂၃,၃၉၀ ဖြင့် စုစုပေါင်းတင်သွင်းမှု၏ ၅၁.၇ ရာခိုင်နှုန်း တင်သွင်းခဲ့ပါသည်။ ဘရာဇီးနိုင်ငံမှ တန်ချိန် ၁၅,၁၃၀ တင်သွင်းခဲ့ကာ ယခင်နှစ်ထက် ၁.၅ ရာခိုင်နှုန်းတိုးတက်လာခဲ့ပါသည်။ အင်ဒိုနီးရှားနိုင်ငံမှတင်သွင်းမှုမှာ ၄,၅၈၀ တန်ရှိခဲ့ပြီး ယခင်နှစ်တင်သွင်းမှုထက် ၁၈ ရာခိုင်နှုန်းကျဆင်းသွားခဲ့ပါသည်။ဗီယက်နမ်ပြည်တွင်း၌ ငရုတ်ကောင်းစျေးနှုန်းမှာ တစ်ကီလိုလျှင် ၁၃၃,၀၀၀ ဗီယက်နမ်ဒေါင်မှ ၁၃၅,၀၀၀ ဗီယက်နမ်ဒေါင် (အမေရိကန်ဒေါ်လာ ၅.၀၉ မှ ၅.၁၆)အကြားတွင်ရှိနေပြီးတစ်နှစ်အတွင်း အနိမ့်ဆုံးစျေးနှုန်းအဆင့်ဖြစ်နေပါသည်။
(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)