International News

အာရှဆန်စျေးကွက်

Last Updated:

အိန္ဒိယဆန်ဈေးနှုန်းသည် အစိုးရသတ်မှတ်သည့် အရန်စျေးနှုန်း (Reserve Price)မြင့်တက်လာခြင်းနှင့် မိုးခေါင်မှုကြောင့် စိုက်ပျိုးမှုနှောင့်နှေးခြင်းတို့မှ ဖြစ်ပေါ်လာသော ထောက်ပံ့မှုဆိုင်ရာ စိုးရိမ်မှုများကြောင့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ဒုတိယအပတ်တွင် ဆက်လက်မြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

အိန္ဒိယ၏ ၅% ဆန်ကွဲပါ ပေါင်းဆန်တစ်တန်လျှင် ပြီးခဲ့သည့်အပတ်တွင် အမေရိကန်ဒေါ်လာ ၃၄၀ မှ ၃၄၅ အကြားဈေးရရှိခဲ့ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၃၄၈ မှ ၃၅၂ အကြား ဈေးမြင့်တက်ခဲ့ပါသည်။ ၅% ဆန်ကွဲပါဆန်ဖြူတစ်တန်လျှင် ဒေါ်လာ ၃၅၀ မှ ၃၅၇ အကြား ဈေးမြင့်တက်ခဲ့ပါသည်။

အိန္ဒိယအစိုးရ၏ Open Market Sale Scheme(OMSS)အရ ရောင်းချသောဆန်အတွက် အရန်ဈေးနှုန်းတိုးမြှင့်မှုသည် ပြည်တွင်းဈေးနှုန်းများကိုမြင့်တက်စေပြီး ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ကမ်းလှမ်းဈေးနှုန်းများတိုးမြှင့်ရန်ဖိအားဖြစ်စေခဲ့ကြောင်း Chhattisgarh၊ Raipur အခြေ စိုက်ပို့ကုန်လုပ်ငန်းရှင် Mukesh Jain က ပြောကြားခဲ့ပါသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် အစိုးရ၏ အရန်ရိက္ခာအလုံအလောက်ရှိနေသော်လည်း ရေကြီးရေလျှံမှုများ၊ သီးနှံဆုံးရှုံးမှုများထပ်မံဖြစ်ပွားမည်ကို စိုးရိမ်မှုများကြောင့် ဆန်စျေးနှုန်းမှာ မြင့်တက်လျက်ရှိပါသည်။ ယခုနှစ်အတွင်း မိုးဦးကာလရေကြီးမှုများကြောင့် ဆန်တန်ချိန် ၂၀၀,၀၀၀ ကျော်ပျက်စီးခဲ့ရသော်လည်း အစိုးရကုန်လှောင်ရုံများတွင် တန်ချိန် ၁.၈ သန်းကျော်သိုလှောင်ထားကြောင်း ဖော်ပြထားပါသည်။

ထိုင်းနိုင်ငံ၏ ၅% ဆန်ကွဲဆန်တစ်တန်လျှင် ပြီးခဲ့သည့်အပတ်တွင် အမေရိကန်ဒေါ်လာ ၄၆၅ ဈေးရရှိခဲ့ပြီး ယခုအပတ်တွင် အမေရိကန်ဒေါ်လာ ၄၅၀ သာဈေးရရှိသည့်အတွက် ဈေးအနည်းငယ်ကျဆင်းလျက်ရှိပါ သည်။ ဝယ်လိုအားသည် ပုံမှန်ဖောက်သည်များထံမှသာရှိနေပြီး အင်ဒိုနီးရှားနှင့် မလေးရှားနိုင်ငံတို့မှာ အမြောက်အမြားဝယ်ယူရန် အော်ဒါတင်ခြင်းမရှိသေးကြောင်း ဘန်ကောက်အခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။ အမေရိကန်နှင့်အီရန်ပဋိပက္ခများကြောင့် ထုတ်လုပ်မှု နှင့်သယ်ယူပို့ဆောင်ရေးကုန်ကျစရိတ်များမြင့်တက်လာကာ လယ် သမားများစိုက်ပျိုးဧရိယာများ လျှော့ချရခြင်းကြောင့် ဆန်ထောက်ပံ့မှုမှာ ၂၀% မှ ၃၀% အထိကျဆင်းသွားနိုင်ကြောင်း၊ ဇူလိုင်-သြဂုတ်ရိတ်သိမ်းချိန်အတွက် ရာသီဥတုအခြေအနေမှာလည်း စိုးရိမ်စရာဖြစ်နေကြောင်း ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။

ဗီယက်နမ်နိုင်ငံ၏ ၅% ဆန်ကွဲပါဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၅ မှ ၄၅၀ အကြားဈေးရရှိခဲ့ပြီး ယခင်အပတ်ဈေးနှုန်းအတိုင်းရှိနေပြီး ဈေးနှုန်းပြောင်းလဲမှုမရှိကြောင်းဖော်ပြထားပါသည်။ လက်ရှိတွင် ထိပ်တန်းဝယ်လက်ဖြစ်သည့် ဖိလစ်ပိုင်နိုင်ငံ၏ဝယ်လိုအား အားကောင်း နေဆဲဖြစ်ပြီး ၂၀၂၆ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဖိလစ်ပိုင်နိုင်ငံ၏ ဆန်တင်သွင်းမှုသည် ယခင်နှစ်ကထက် ၂၀% မြင့်တက်လာကြောင်း  ဟိုချီမင်းမြို့အခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။ အစိုးရအချက် အလက်များအရ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း ဗီယက်နမ်နိုင်ငံ၏ ဆန်တင်ပို့မှုသည် (တန်ချိန် ၅.၀၂ သန်း)၆.၅% မြင့်တက်ခဲ့ပြီး အမေရိကန်ဒေါ်လာ ၂.၃၈ ဘီလီယံရရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

Source: Asia Rice: Higher reserve price makes Indian rice exports costlier: The Economic Times: July 11, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News