ဂျပန်နှင့် တောင်အမေရိကကုန်သွယ်ရေးအဖွဲ့နိုင်ငံများအကြား စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ်ဆွေးနွေးပွဲများစတင်ခဲ့ကြောင်း The Nikkei Asia သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “Mercosur launches economic partnership talks with Japan, eyes China” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်နိုင်ငံနှင့် အာဂျင်တီးနား၊ ဘရာဇီး၊ ပါရာဂွေးနှင့်ဥရုဂွေးတို့ပါဝင်သည့် တောင်အမေရိကကုန်သွယ်ရေးအဖွဲ့တို့အကြား စီးပွားရေးပူးပေါင်းမှုများပိုမိုဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘောတူညီချက်ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ်ဆွေးနွေးမှုများကိုစတင်ခဲ့ပြီး ဒုတိယအကြိမ်အထိဆောင်ရွက်ခဲ့ပြီးဖြစ် ကြောင်း၊ အဆိုပါသဘောတူညီချက်ဖော်ဆောင်နိုင်မည်ဆိုပါက စုစုပေါင်းလူဦးရေသန်း ၄၀၀ ခန့်ဖြင့် စုစုပေါင်းပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး(GDP)ဒေါ်လာ ၇ ထရီလီယံရှိသည့် လွတ်လပ်သောကုန်သွယ်မှုဒေသတစ်ခုပေါ်ထွန်းလာမည်ဖြစ်သည်ဟု တောင်အမေရိကကုန်သွယ်ရေးအဖွဲ့ခေါင်းဆောင်များ၏ ထိပ်သီးအစည်းအဝေးတွင် ပြောကြားခဲ့ကြောင်းဖော်ပြထားပါသည်။
၂၀၂၆ ခုနှစ်၊ ဇွန်လအစောပိုင်းတွင် ကျင်းပခဲ့သည့် G7 ထိပ်သီးအစည်း အဝေးကျင်းပစဉ်အတွင်း ဘရာဇီးသမ္မတနှင့် ဂျပန်ဝန်ကြီးချုပ်တို့သည် သီးခြားတွေ့ဆုံဆွေးနွေးခဲ့ပြီး ကြေညာချက်တစ်ရပ်ထုတ်ပြန်ခဲ့ကြောင်း၊ အဆိုပါထုတ်ပြန်ချက်တွင် ဂျပန်နိုင်ငံနှင့် တောင်အမေရိကကုန်သွယ် ရေးအဖွဲ့ဝင်နိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုသဘော တူညီချက်ဖော်ဆောင်နိုင်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများ၏ ဖြစ်ပေါ်တိုးတက်မှုများကို အသိအမှတ်ပြုပါကြောင်း၊ ယခုဖော်ဆောင်မည့် သဘောတူညီချက်ဖြင့် ဆွေးနွေးဖက်နိုင်ငံများအကြား တန်ဖိုးချိတ်ဆက်ကူးပြောင်းသည့် ကွင်းဆက်များပေါင်းစည်း၍ လယ်ယာစိုက်ပျိုးရေးထွက်ကုန်များ၊ လယ်ယာစိုက်ပျိုးရေးထွက်ကုန်မဟုတ်သည့် ကုန်စည်များဈေးကွက်ရရှိ၍ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ရင်းနှီးမြှုပ်နှံမှုများတိုးတက်လာစေရန် အပြန်အလှန်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် ကမ္ဘာတစ်ဝန်းရှိ ကုန်သွယ်ဖက်နိုင်ငံများထံမှ အမေရိကန်ပြည်ထောင်စုသို့ တင်သွင်းမည့် ကုန်စည်များအပေါ် အကောက်ခွန်တိုးမြှင့်ကောက်ခံလာခြင်းကြောင့် ကမ္ဘာ့နိုင်ငံများအနေဖြင့် ကုန်သွယ်ဖက်နိုင်ငံများနှင့် ဘက်စုံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့လုပ်ဆောင်နိုင်ရေးအတွက် ကုန်သွယ်မှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအသစ်များကို အရှိန်အဟုန်မြှင့်လုပ်ဆောင်လာကြကြောင်း၊ တောင်အမေရိကကုန်သွယ်ရေးအဖွဲ့သည် ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့နှင့် ကုန်သွယ်မှုသဘောတူညီချက်တစ်ရပ်ချုပ်ဆိုနိုင်ရေးအတွက် စေ့စပ်ဆွေးနွေးမှုများကို ၂၅ နှစ်ကြာဆောင်ရွက်ခဲ့ရကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလတွင် တောင်အမေရိကကုန်သွယ်ရေးအဖွဲ့နှင့် ဥရောပသမဂ္ဂနိုင်ငံများအဖွဲ့တို့အကြား လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်လက်မှတ် ရေးထိုးခဲ့ပြီးဖြစ်ရာ ၂၀၂၆ ခုနှစ်၊ မေလ ၁ ရက်နေ့တွင် သဘောတူညီချက်ယာယီစတင်အသက်ဝင်ခဲ့ခြင်းကြောင့် ကမ္ဘာ့အကြီးဆုံးလွတ်လပ်သောကုန်သွယ်မှုဒေသတစ်ခုတည်ထောင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။
တောင်အမေရိကကုန်သွယ်ရေးအဖွဲ့သည် ဂျပန်နိုင်ငံအပြင် ကနေဒါနိုင်ငံနှင့်လည်း ကုန်သွယ်ရေးသဘောတူညီချက်ဖော်ဆောင်ရေးဆိုင်ရာ စေ့စပ်ဆွေးနွေးမှုများဆောင်ရွက်နေပြီး ၂၀၂၆ ခုနှစ်၊ စက်တင်ဘာ (သို့မဟုတ်) အောက်တိုဘာလအစောပိုင်းတွင် စေ့စပ်ဆွေးနွေးမှုများ အပြီးသတ်နိုင်မည်ဟုမျှော်မှန်းထားကြောင်း၊ ထို့အပြင် တရုတ်နိုင်ငံနှင့်လည်း မကြာမီဆွေးနွေးပွဲများစတင်ရန် ရည်မှန်းထားကြောင်း၊ တောင်အမေရိကကုန်သွယ်ရေးအဖွဲ့သည် အလားအလာကောင်းသော ကမ္ဘာ့ဈေးကွက်နိုင်ငံများနှင့် ပိုမိုနီးကပ်လာစေရေးအတွက် ဆက်လက်လုပ်ဆောင်မည်ဟု ဘရာဇီးသမ္မတက ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။
(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)