International News

ဂျပန်နိုင်ငံထုတ် လက်ဖက်စိမ်းကို အကာအကွယ်ပေးမည့်စနစ်တွင် မှတ်ပုံတင်ခဲ့

Last Updated:

အတုအပကုန်စည်များအား ထုတ်လုပ်ရောင်းချမှုကို ကာကွယ်တားဆီးနိုင်ရန်အတွက် ဂျပန်နိုင်ငံသည် လက်ဖက်စိမ်းကို အကာအကွယ်ပေးမည့်စနစ်တွင် မှတ်ပုံတင်ခဲ့ကြောင်း Japan Today သတင်းဌာန၏ အွန်လိုင်းသတင်းတွင် “ Japan registers its tea under protection system to curb imitation products” ဟူသော ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံသည် ပြည်ပဈေးကွက်တွင် အတုအပများပျံ့နှံ့နေမှုအပေါ် ကာကွယ်တားဆီးနိုင်ရန်၊ လယ်ယာစိုက်ပျိုးရေးနှင့် ရေလုပ်ငန်းထွက်ကုန်အမှတ်တံဆိပ်များအပေါ်ကာကွယ်နိုင်ရန်ရည်ရွယ် ၍ ဂျပန်လက်ဖက်စိမ်း(Japanese tea)အပါအဝင် နိုင်ငံ၏ထွက်ကုန် ၃ မျိုးကို ပထဝီဒေသဆိုင်ရာအညွှန်းကိန်း(GI)စနစ်တွင်  မှတ်ပုံတင်ခဲ့သည်ဟု ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း၊ မှတ်ပုံတင်ပြီးသည့်ထုတ်ကုန်များအား GI အမှတ်အသားဖြင့် ရောင်းချမည်ဖြစ်ပြီး တံဆိပ်အတုကပ်ခြင်းအပါအဝင် အခြားသောချိုးဖောက်မှုများကို အစိုးရက အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုဆောင်ရွက်ခဲ့သည့် ပထဝီဒေသဆိုင်ရာအညွှန်းကိန်းမှတ်ပုံတင်ခြင်းသည်  အမှတ်တံဆိပ်တစ်ခုတည်းအတွက် မှတ်ပုံတင်ခြင်းမျိုးမဟုတ်ဘဲ ဂျပန်နိုင်ငံတွင် စိုက်ပျိုးထုတ်လုပ်သည့်လက်ဖက်စိမ်း(Green tea)အမျိုးအစားအားလုံးအတွက် မှတ်ပုံတင်ခြင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

ထိုကဲ့သို့ မှတ်ပုံတင်ခြင်းကို ဂျပန်ဆာကေးအရက်(Japanese sake) အား ပထဝီဒေသဆိုင်ရာ အညွှန်းကိန်းကာကွယ်ရေးစနစ်ဖြင့် ဂျပန်အမျိုးသားအခွန်အေဂျင်စီသည် ယမကာများထုတ်လုပ်ရောင်းချမှုအပေါ် ကြီးကြပ်ကွပ်ကဲနိုင်ရန်ဆောင်ရွက်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံထုတ်လ္ဘက်စိမ်း သည် နိုင်ငံတကာဈေးကွက်တွင် ထင်ပေါ်ကျော်ကြားလာခြင်းကြောင့် ၎င်း၏တန်ဖိုးကို မြှင့်တင်နိုင်ရန်၊ ဂျပန်လ္ဘက်စိမ်းနှင့် ပြည်ပမှ အတုအပများအကြား ကွာခြားချက်ကို ပေါ်လွင်စေရန်တို့အတွက် ယခုကဲ့သို့ မှတ်ပုံတင်ခဲ့ခြင်းဖြစ်ကြောင်း၊ နိုင်ငံတကာဈေးကွက်အတွင်းသို့ အတု အပထုတ်ကုန်များရောက်ရှိနေပြီး ခွင့်ပြုချက်မရှိဘဲ အမှတ်တံဆိပ်တုပသုံးစွဲနေခြင်းအပေါ် စိုးရိမ်မှုများမြင့်တက်လာသည့်အတွက် တိုကျို အခြေစိုက် Japan Tea Central Public Interest Incorporated Association သည် ဂျပန်လက်ဖက်စိမ်းအတွက် GI လျှောက်ထားခြင်းကို ပြီးခဲ့သည့်အောက်တိုဘာလတွင် ဆောင်ရွက်ခဲ့ကြောင်း ဖော်ပြထား ပါသည်။

ယခုကဲ့သို့မှတ်ပုံတင်လိုက်ခြင်းဖြင့် ဂျပန်လက်ဖက်စိမ်း၏အမှတ်တံဆိပ်ကိုမြှင့်တင်နိုင်ပြီး အတုအပပစ္စည်းများ ထုတ်လုပ်ခြင်းမှ ကာကွယ်တားဆီးမည့်အစီအမံများ ပိုမိုအားကောင်းအောင်ဆောင်ရွက်၍ တင်ပို့မှုများပိုမိုတိုးတက်လာရန် မျှော်မှန်းထားကြောင်း စိုက်ပျိုးရေးဝန်ကြီး Norikazu Suzuki က ပြောကြားခဲ့ကြောင်း၊ ဂျပန်နိုင်ငံက ပထဝီဒေသဆိုင်ရာအညွှန်းမှတ်ပုံအသစ်တင်ထားသည့် ထွက်ကုန်များတွင် ဂျပန်လက်ဖက်စိမ်းအပြင် ဂျပန်အလယ်ပိုင်း Shizuoka စီရင်စုမှ ထုတ်လုပ်သည့် Lake Hamanako Japanese eelနှင့် ဂျပန်အလယ်ပိုင်း Ishikawa စီရင်စုမှ ထုတ်လုပ်သည့် Kaga lotus root တို့ပါဝင်ကြောင်း၊ GI စနစ်အောက်တွင် အကျုံးဝင်ပြီးဖြစ်သည့် အခြားလက်ဖက်စိမ်း ထုတ်ကုန်များမှာ ရှိဇူအိုကာစီရင်စုမှ ထုတ်လုပ်သည့် Kikugawa deep-steamed green tea နှင့် ဖူကူအိုကာစီရင်စုမှ ထုတ်လုပ်သည့် traditional, authentic Yame gyokuro တို့ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

ဂျပန်နိုင်ငံသည် လယ်ယာနှင့် ရေထွက်ကုန်များအတွက် ဒေသဆိုင်ရာအညွှန်းဖြင့် ကာကွယ်သည့်စနစ်ကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ကြောင်း၊ ဂျပန်နိုင်ငံတွင် ယခုထပ်မံမှတ်ပုံတင်ခဲ့သည့် ကုန်စည်များအပါအဝင် GI မှတ်ပုံတင်ထားသည့် ကုန်စည်အရေအတွက် ၁၇၀ မျိုးအထိရှိကြောင်း၊ ပထဝီဒေသဆိုင်ရာအညွှန်းကိန်းစနစ်များကို ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်တွင် ဆောင်ရွက်ထားကြောင်း၊ ဂျပန်နိုင်ငံသည် ပထဝီဒေသဆိုင်ရာအညွှန်းကိန်းအပြန်အလှန်ကာကွယ်စောင့်ရှောက်ရေးသဘောတူညီချက်များအား ဥရောပသမဂ္ဂနိုင်ငံများ၊ ဗြိတိန်နိုင်ငံတို့နှင့် ချုပ်ဆိုထားကြောင်း၊ သို့ဖြစ်ရာ ပြည်ပဈေးကွက်များတွင် ဂျပန်နိုင်ငံထုတ်ကုန်များအား ယုံကြည်စိတ်ချမှုများတိုးပွားစေကာ မိတ်ဖက်နိုင်ငံများအနေဖြင့် ၎င်း၏ GI သတ်မှတ်ထားသော ထွက်ကုန်များအပေါ် အကာအကွယ်ပေးမှုကို သေချာစေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: https://japantoday.com/category/business/japan-registers-its-tea-under-protection-system-to-curb-imitation-products

(ရွှေစင်ဦး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News