ထိုင်းနှင့်ကမ္ဘောဒီးယားတို့အကြား နှစ်နိုင်ငံပဋိပက္ခရပ်စဲရေးကိုတွန်းအား ပေးရန်အတွက် ထိုင်းကုန်ပစ္စည်းများအပေါ် အခွန်စည်းကြပ်ရန် အမေရိကန်သမ္မတ Donald Trump က ခြိမ်းခြောက်ခြင်းမရှိခဲ့ကြောင်း စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး Suphajee Suthumpun က ပြောကြားခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “Tariffs ‘not used as leverage’ in ceasefire call: Supha-jee” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
နယ်စပ်တလျှောက်တွင် ဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ အမေရိကန်သမ္မတထရမ့်၏ ဆိုရှယ်မီဒီယာတွင် ရေးတင်ပြီးနောက်တွင် ထိုင်းအစိုးရက ကမ္ဘောဒီးယားနှင့် ပဋိပက္ခရပ်စဲရေး လက်မှတ်ရေးထိုးရန် အိမ်ဖြူတော်အနေဖြင့် ထိုင်းကုန်ပစ္စည်းများအပေါ် စည်းကြပ်ခွန်များ တိုးမြှင့်ကောက်ခံနိုင်သည်ဟု လေ့လာသူအချို့က အချက်ပြခဲ့ကြောင်း၊ အမေရိကန်သမ္မတထရမ့်နှင့် ထိုင်းနိုင်ငံ၀န်ကြီးချုပ် Anutin Charnvirakul တို့အကြား မိနစ် ၂၀ ကြာဖုန်းခေါ်ဆိုမှုအတွင်း အခွန် အကောက်ကိစ္စကို အကျဉ်းချုံးပြောကြားခဲ့သော်လည်း ဆွေးနွေးမှုတွင် အခွန်ကို ပဋိပက္ခရပ်စဲရေးအတွက် အသုံးမပြုခဲ့ကြောင်း၊ ခေါ်ဆိုမှုကို အဆုံးသတ်ခြင်းမပြုမီ ကုန်သွယ်ရေးဆိုင်ရာ နောက်ထပ်ဆွေးနွေးမှုများကိုကြီးကြပ်ရန် အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေးကိုယ်စားလှယ်ရုံး(USTR)ကို တာဝန်ပေးမည်ဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့ကြောင်း ဝန်ကြီး Suphajee Suthumpun က ဖြည့်စွက် ပြောကြားခဲ့သည်။
အမေရိကန်သည် အခွန်စည်းကြပ်မှုဆိုင်ရာ နည်းပညာအဆင့်ဆွေးနွေးပွဲများကို နှောင့်နှေးမနေဘဲ စတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း အပြုသဘောဆောင်သည့် အချက်ပြမှုတစ်ခုပေးပို့ခဲ့ပါကြောင်း၊ ယင်းကို တုံ့ပြန်သည့်အနေဖြင့် ထိုင်းနိုင်ငံသည် ပုဂ္ဂလိကကဏ္ဍနှင့် ဆွေးနွေးမှုများအပါအဝင် ပြည်တွင်းပြင်ဆင်မှုများကို စတင်ခဲ့ကြောင်း၊ အကောက် ခွန်ကင်းလွတ်ခွင့်တောင်းဆိုမှုများကို ပံ့ပိုးကူညီရန်အတွက် ကုန်သွယ်မှုညှိနှိုင်းရေးဦးစီးဌာနကိုလည်း ထိခိုက်နစ်နာသည့် ကုန်ပစ္စည်းများဆိုင်ရာ အချက်အလက်များကို စုစည်းရန် ညွှန်ကြားထားပြီးဖြစ်ကြောင်း၊ ထိုင်းနိုင်ငံသည် နည်းပညာဆိုင်ရာ အစီအစဉ်များနှင့်ပတ်သက်၍ ဝါရှင်တန်ထံမှ အတည်ပြုချက်ကို စောင့်ဆိုင်းလျက်ရှိပြီး USTR သည် ဆွေးနွေးမှုများ၏နောက်ထပ်အဆင့်သို့ ဆက်လက်သွားရန် တရားဝင်ရှင်းလင်း ချက်ကို စောင့်ဆိုင်းနေကြောင်း ဝန်ကြီး Suphajee ကထပ်လောင်းပြောကြားခဲ့ပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)