၂၀၂၅ ခုနှစ် မတ်လ ၁၄ ရက်တွင် စင်ကာပူမြို့၌ စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား သံတမန်ဆက်ဆံရေးထူထောင်မှု ၆၀ ပြည့်အထိမ်းအမှတ်အဖြစ် (၇)ကြိမ်မြောက် စင်ကာပူ-ထိုင်းစီးပွားရေးတိုးမြှင့်ဆက်ဆံရေးဝန်ကြီးများအဆင့်အစည်းအဝေး(7th Singapore-Thailand Enhanced Economic Relationship(STEER)Ministerial Meeting) ကို ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးတွင် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Dr. Tan See Leng နှင့် ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Pichai Naripthaphan တို့က ပူးတွဲသဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပါသည်။
STEER အစည်းအဝေးတွင် စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့အကြား ကာလရှည်ကြာစွာတည်ရှိခဲ့သော စင်ကာပူ - ထိုင်း နှစ်နိုင်ငံစီးပွားရေးပူးပေါင်းဆောင်ရွက်မှုကို ထပ်လောင်းအတည်ပြုခဲ့ပြီး နှစ်နိုင်ငံစီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းဆောင်ရွက်မှုကို ကြိုဆိုခဲ့ပါသည်။ ၂၀၂၂ ခုနှစ်တွင် အာဆီယံနိုင်ငံများအနက် ထိုင်းနိုင်ငံသည် စင်ကာပူနိုင်ငံ၏ တတိယမြောက်အကြီးဆုံးပြည်ပတိုက်ရိုက်ရင်းနှီးမြှုပ်နှံသည့်နိုင်ငံဖြစ်ပြီး တန်ဖိုးအားဖြင့် စင်ကာပူဒေါ်လာ ၄၁.၈ ဘီလီယံရှိပါသည်။ စင်ကာပူကုမ္ပဏီများသည် လျှပ်စစ်ယာဉ်များ၊ ဘဏ္ဍာရေးနှင့် ကျန်းမာရေးဆိုင်ရာနည်းပညာ စသည့်ကဏ္ဍအသစ်များတွင် လုပ်ငန်းများချဲ့ထွင်ရန် ထိုင်းကုမ္ပဏီများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ STEER အစည်းအဝေးတွင် စိုက်ပျိုးရေးထုတ်ကုန်များကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဒီဂျစ်တယ်စီးပွားရေး၊ အသိဉာဏမူပိုင်ခွင့်၊ carbon credit၊ အပျော်စီးသင်္ဘောခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်မှုစသည့်လုပ်ငန်းကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့ကြပါသည်။
နှစ်နိုင်ငံဝန်ကြီးများရှေ့မှောက်တွင် စင်ကာပူမူပိုင်ခွင့်ရုံး(Intellectual Property Office of Singapore) နှင့် ထိုင်းနိုင်ငံ မူပိုင်ခွင့်ဦးစီးဌာန(Thailand Department of Intellectual Property) တို့အကြား မူပိုင်ခွင့်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုအစီအစဉ် ၂၀၂၅-၂၀၂၇(2025 – 2027 Workplan on intellectual property collaboration) နှင့် နှစ်နိုင်ငံအဖွဲ့အစည်းများအကြား နားလည်မှုစာချွန်လွှာများ လဲလှယ်ခဲ့ပါသည်။ နားလည်မှုစာချွန်လွှာများမှာ စင်ကာပူစားသုံးသူအဖွဲ့အစည်း(Consumer Association of Singapore–CASE) နှင့် ထိုင်းနိုင်ငံ စားသုံးသူအကာအကွယ်ပေးရေးရုံး (Thailand’s Office of Consumer Protection) တို့အကြား စားသုံးသူအကာအကွယ်ပေးရေးနားလည်မှုစာချွန်လွှာ၊ Shopee Thailand နှင့် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုမြှင့်တင်ရေးဌာနတို့အကြား နယ်စပ်ဖြတ်ကျော် e-commerce လွယ်ကူချောမွေ့စေရေးနှင့်မြှင့်တင်ရေးနားလည်မှုစာချွန်လွှာ၊ iFAST Corporation Limited နှင့် TSFC Securities Public Company Limited တို့အကြား fintech platform တိုးတက်စေရေးနားလည်မှုစာချွန်လွှာ၊ စင်ကာပူအသားကုန်သည်များအသင်း(Meat Traders Association Singapore) နှင့် ထိုင်းနိုင်ငံ Swine Producers and Processors for Exporting Association၊ ထိုင်းနိုင်ငံ အသားစားကြက်တင်ပို့ရောင်းချသူများအသင်း(Broiler Processing Exporters Association) တို့အကြား ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးနားလည်မှုစာချွန်လွှာတို့ဖြစ်ပါသည်။
“စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် စီးပွားရေးမိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ (၇)ကြိမ်မြောက် စင်ကာပူ - ထိုင်းစီးပွားရေးတိုးမြှင့်ဆက်ဆံရေးဝန်ကြီးများအဆင့်အစည်းအဝေးတွင် ကောင်းမွန်သည့်တိုးတက်မှုများရှိသည်ကို အသိအမှတ်ပြုပါကြောင်း၊ ယခုနှစ်တွင် နှစ်နိုင်ငံအကြား စီးပွားရေးချိတ်ဆက်မှု များပိုမိုအားကောင်းလာစေရေးဆောင်ရွက်မည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံသံတမန်ဆက်ဆံရေးနှစ် ၆၀ ပြည့်နှစ်မှသည် နောင်လာမည့်နှစ် ၆၀ အထိ နှစ်နိုင်ငံစီးပွားရေးနှင့် ပြည်သူလူထုအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို ပိုမိုအလေးပေးသွားမည်ဖြစ်ကြောင်း” စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန လက်ထောက်ဝန်ကြီး Dr Tan See Leng က ပြောကြားခဲ့ပါသည်။
၂၀၂၄ ခုနှစ်တွင် ထိုင်းနိုင်ငံသည် စင်ကာပူနိုင်ငံ၏ကုန်သွယ်မှုမိတ်ဖက်နိုင်ငံများစာရင်းတွင် အဆင့် ၉ နေရာမှ ရပ်တည်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများတွင် အဆင့် ၃ နေရာမှ ရပ်တည်ခဲ့ပါသည်။ နှစ်နိုင်ငံကုန်သွယ်မှုပမာဏမှာ စင်ကာပူဒေါ်လာ ၄၄.၅ ဘီလီယံရှိခဲ့ပါသည်။ ၂၀၂၄ ခုနှစ်တွင် ထိုင်း နိုင်ငံသို့ စင်ကာပူနိုင်ငံ၏တင်ပို့မှုမှာ ၁၄.၂ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ထိုင်းနိုင်ငံမှ စင်ကာပူနိုင်ငံသို့ တင်ပို့မှုမှာ စင်ကာပူဒေါ်လာ ၁၅.၂ ဘီလီယံရှိခဲ့ပါသည်။ ကာလတူနှစ်အတွင်း စင်ကာပူနိုင်ငံသည် ထိုင်းနိုင်ငံ၏ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအများဆုံးနိုင်ငံဖြစ်ခဲ့ပြီး ဘတ် ၃၅၇.၅ ဘီလီယံ၊ ထိုင်းနိုင်ငံ၏ စုစုပေါင်းနိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု၏ ၄၃ ရာခိုင်နှုန်းဖြစ်ပါသည်။
စင်ကာပူနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် နှစ်နိုင်ငံအပြန်အလှန်အားဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများတွင် မှီတည်နေသည်ဖြစ်ရာ နှစ်နိုင်ငံစီးပွား ရေးနှင့် ပြည်သူလူထုအတွက် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုတိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။
ရင်းမြစ်။ Ministry of Trade and Industry, Singapore
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)