International News

စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံအကြား ကမ်းလွန်လေအားလျှပ်စစ်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲအစီအရင်ခံစာ

Last Updated:

စင်ကာပူနိုင်ငံနှင့် မလေးရှားနိုင်ငံအကြား ကမ်းလွန်လေအားလျှပ်စစ်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုပူးတွဲအစီအရင်ခံစာကို ၂၀၂၅ ခုနှစ်၊ မတ်လ ၁၂ ရက်တွင် စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာန၊ လက်ထောက်ဝန်ကြီး Dr Tan See Leng နှင့် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး Nguyen Hoang Long တို့က စင်ကာပူဝန်ကြီးချုပ် Lawrence Wong နှင့် ဗီယက်နမ်ကွန်မြူနစ်ပါတီအထွေထွေ အတွင်းရေးမှူး To Lam တို့၏ ရှေ့မှောက်တွင် အတည်ပြုခဲ့ကြောင်း စင်ကာပူနိုင်ငံ၊ ကုန်သွယ်ရေးနှင့်စက်မှုဝန်ကြီးဌာနက သတင်း ထုတ်ပြန်ခဲ့ပါသည်။  

စင်ကာပူနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့သည် စွမ်းအင်အသွင်းကူးပြောင်းရေးနည်းလမ်းများကို ရှာဖွေလျက်ရှိရာ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်တွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးကို အရှိန်မြှင့်ဆောင်ရွက်ခဲ့ပါသည်။ ဗီယက်နမ်နိုင်ငံမှ ကာဗွန်နည်းလျှပ်စစ်ဓာတ်အား ၁.၂ ဂစ်ဂါဝပ်ကို တင်သွင်းရန် Sembcorp Utilities ကို စင်ကာပူစွမ်းအင်ဈေးကွက်အာဏာပိုင်အဖွဲ့က ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ တွင်ခွင့်ပြုခဲ့ပါသည်။

တင်သွင်းမည့်လျှပ်စစ်ဓာတ်အားသည် Petrovietnam Technical Services Corporation နှင့် ဆောင်ရွက်မည့် ကမ်းလွန်လေအားလျှပ်စစ်နှင့် အခြားလျှပ်စစ်အမျိုးအစားများကို အသုံးပြုမည်ဖြစ်ပါသည်။ အဆိုပါစီမံကိန်းသည် အာဆီယံဒေသတွင် ပထမဦးဆုံးကမ်းလွန်လေအားလျှပ်စစ်ကုန်သွယ်မှုဖြစ်လာမည်ဖြစ်ပါသည်။ နှစ်နိုင်ငံအနေဖြင့် စက်မှုလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေခြင်း၊ အလုပ်အကိုင်များဖန်တီးပေးနိုင်ခြင်း၊ ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း စသည့်အကျိုးကျေးဇူးများကို ခံစားနိုင်မည်ဖြစ်ပါသည်။

ပူးတွဲအစီရင်ခံစာသည် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ်ဖြတ်ကျော်လျှပ်စစ်ဓာတ်အားကုန်သွယ်မှုတို့အတွက် ပြည်တွင်းဥပဒေများနှင့် နှစ်နိုင်ငံအစိုးရ၏ လုပ်ထုံးလုပ်နည်းဆိုင်ရာခွင့်ပြုချက်များ၊ လိုင်စင်များကို လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း၊ အခြေခံအဆောက် အအုံဖွံ့ဖြိုးတိုးတက်ရေး၊ သုတေသန၊ နည်းပညာ၊ စွမ်းဆောင်ရည်မြှင့်တင်ရေးအစီအစဉ်များစသည့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ပင်လယ်ရေအောက်လျှပ်စစ်ကေဘယ်လိုင်းများအတွက် စည်းကမ်းသတ်မှတ်ချက်များနှင့် မူဘောင်ချမှတ်ရေးအပါ အဝင် အာဆီယံလျှပ်စစ်မဟာဓာတ်အားလိုင်း ၂၀၄၅(ASEAN Power Grid by 2045)ကို အကောင်အထည်ဖော်ရာတွင် အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် အခြားအာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကတိကဝတ်ပြုမှုဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

စင်ကာပူနိုင်ငံသည် ၎င်း၏ စွမ်းအင်ဖူလုံရေးအတွက် ဒေသတွင်းနိုင်ငံများမှ စွမ်းအင်ဝယ်ယူရာတွင် သဘာဝပတ်ဝန်းကျင်ကို ထည့်သွင်းစဉ်းစား၍ ၂၀၅၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှုသုညဖြစ်စေရေးဦးတည်ချက်အရ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အလေးပေးသုံးစွဲမည်ဖြစ်ပါသည်။

ရင်းမြစ်။        Ministry of Trade and Industry, Singapore

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News