International News

Apple ကုမ္ပဏီအား အိန္ဒိယနိုင်ငံ၌ ထုတ်လုပ်မှု မပြုလုပ်စေလိုကြောင်း အမေရိကန်သမ္မတပြောကြား

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်လ်ထရန့်သည် ၎င်းကိုယ်တိုင်စတင်ခဲ့သော အကောက်ခွန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် ကုန်သွယ်ရေးဆွေးနွေးမှုများကြားတွင် Apple ကုမ္ပဏီအား အိန္ဒိယနိုင်ငံ၌ ထုတ်လုပ်မှု မပြု လုပ်စေလိုကြောင်း CEO Tim Cook အား တိုက်ရိုက်ပြောကြားခဲ့သည်ဟု The Economic Times က ယခုလ ၁၅ ရက်တွင် ဖော်ပြသည်။

ယခုလ ၁၅ ရက်(ကြာသပတေးနေ့)က ကာတာနိုင်ငံတွင် စီးပွားရေးခေါင်းဆောင်များနှင့်အတူ ကျင်းပခဲ့သည့် အခမ်းအနားတစ်ခုတွင် ထရန့်က Cook အား အမေရိကန်ပြည်ထောင်စုကို ဦးစားပေး အဖြစ် ပြန်လည်သတ်မှတ်ရန်ပြောကြားခဲ့ကြောင်း၊"ကျွန်တော်က ခင်ဗျားတို့ကို အိန္ဒိယမှာ မတည်ဆောက်စေချင်ဘူး။ အိန္ဒိယက သူတို့ဘာသာသူတို့ လုပ်နိုင်တယ်။ သူတို့အခြေအနေအရမ်းကောင်းတယ်။"ဟု ပြောကြားခဲ့ကြောင်း သိရသည်။

၎င်းတို့၏ ဆွေးနွေးမှုရလဒ်အဖြစ် Apple သည် "အမေရိကန်ပြည်ထောင်စုတွင် ၎င်းတို့၏ ထုတ်လုပ်မှုကို တိုးမြှင့်မည်" ဟု ထရန့်က ပြောကြားခဲ့သည်။

ပင်လယ်ကွေ့နိုင်ငံများသို့ သွားရောက်သော လေးရက်ကြာခရီးစဉ်အတွင်း ထရန့်က အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုသို့ ကုန် သွယ်ရေးသဘောတူညီချက်တစ်ခု ကမ်းလှမ်းခဲ့ကြောင်းနှင့် ယင်းသဘောတူညီချက်အရ အမေရိကန်ကုန်ပစ္စည်းအများအပြားအပေါ် "အခြေခံအားဖြင့် အကောက်ခွန်လုံးဝမရှိ" ဖြစ်မည်ဖြစ်ကြောင်းလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

"အိန္ဒိယမှာ ရောင်းရတာ အရမ်းခက်ခဲတယ်၊ သူတို့က ကျွန်တော်တို့ကို အခြေခံအားဖြင့် အခွန်လုံးဝမကောက်ခံဖို့ ဆန္ဒရှိတဲ့သဘောတူညီချက်တစ်ခုကို ကမ်းလှမ်းနေတယ်" ဟု ထရန့်က ပြောကြားခဲ့ သည်။

ဧပြီလ ၉ ရက်နေ့တွင် ထရန့်က အဓိကကုန်သွယ်ဖက်နိုင်ငံများအတွက် အကောက်ခွန်တိုးမြှင့်မှုများကို ရက် ၉၀ ယာယီရပ်ဆိုင်းကြောင်း ကြေညာခဲ့သည့်ကာလအတွင်း နယူးဒေလီသည် အမေရိကန်ပြည် ထောင်စုနှင့် ကုန်သွယ်ရေးသဘောတူညီချက်တစ်ခု အပြီးသတ်ရန်ကြိုးပမ်းလျက်ရှိကြောင်း၊ အဆိုပါယာယီရပ်ဆိုင်းမှုတွင် အိန္ဒိယအပေါ် ကောက်ခံသွားမည့် ၂၆ ရာခိုင်နှုန်းအခွန်လည်း ပါဝင်ခဲ့ကြောင်း သိရသည်။

အမေရိကန်ပြည်ထောင်စုနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံအပါအဝင် အခြားအာရှထုတ်လုပ်သူများအကြား ကုန်သွယ်ရေးစစ်ပွဲများကြောင့် Apple ကုမ္ပဏီသည် ၎င်း၏ထုတ်လုပ်မှုအာရုံစိုက်မှုကို အိန္ဒိယနိုင်ငံသို့ ပိုမိုပြောင်းရွှေ့လျက်ရှိကြောင်း၊ လာမည့်နှစ်တွင် အမေရိကန်ဈေးကွက်အတွက် iPhone တပ်ဆင်မှုအားလုံးကို အိန္ဒိယနိုင်ငံသို့ ပြောင်းရွှေ့ရန် ရည်ရွယ်ထားကြောင်း Financial Times သတင်းစာအရ သိရသည်။

ပြီးခဲ့သည့် မတ်လတွင် Apple ၏ အိန္ဒိယနိုင်ငံရှိ ထိပ်တန်းထုတ်လုပ်သူဖြစ်သော Foxconn သည် အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၁ ဘီလီယံတန်ဖိုးရှိ စမတ်ဖုန်းများကို တင်ပို့ခဲ့ကြောင်း၊ ၎င်းသည် တစ်လအတွင်း အမြင့်ဆုံးပမာဏဖြစ်ကြောင်း တွေ့ရှိရသည်။ S&P Global ၏အစီရင်ခံ စာတစ်ခုအရ အဆိုပါလတွင် အိန္ဒိယနိုင်ငံမှ တင်ပို့သော iPhone များ၏ ၉၇ ဒသမ ၆ ရာခိုင်နှုန်းကို အမေရိကန်ပြည်ထောင်စုသို့ တင်ပို့ခဲ့ကြောင်း နှင့် ယင်းသည် ၂၀၂၅ ခုနှစ် အစောပိုင်းက ၈၁ ဒသမ ၉ ရာခိုင်နှုန်းမှ တိုးတက်လာခြင်းဖြစ်ကြောင်း သိရသည်။

Apple သည် ၂၀၂၆ ခုနှစ်တွင် အမေရိကန် iPhone ထုတ်လုပ်မှုကို တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ အိန္ဒိယနိုင်ငံသို့ အပြည့်အဝပြောင်းရွှေ့ရန် စီစဉ်ထားပြီး အိန္ဒိယနိုင်ငံကို အဓိကထုတ်လုပ်မှုဗဟိုအဖြစ် ခိုင်မာစွာ မှတ်ယူထားကြောင်း၊ Foxconn နှင့် Tata Electronics ကဲ့သို့သော မိတ်ဖက်များမှတစ်ဆင့် ၎င်း၏လုပ်ငန်းများကို ဆက်လက်တိုးချဲ့လျက်ရှိကြောင်း သိရသည်။

ထိုအတောအတွင်း Apple ထံ ကုန်ပစ္စည်းပေးသွင်းလျက်ရှိသော Jabil ကုမ္ပဏီကလည်း အိန္ဒိယနိုင်ငံတွင် AirPods အကာအရံများထုတ်လုပ်မှုကိုတိုးချဲ့ရန် စီစဉ်ထားပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပေးသွင်းသူများအပေါ် မှီခိုအားထားမှုကို လျှော့ချရန်နှင့် Apple ၏ ထောက်ပံ့ရေးကွင်းဆက်ကို ကွဲပြားစေရန်အတွက် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုကို ပံ့ပိုးပေးလျက်ရှိကြောင်း သိရသည်။

Source: The Economic Times, Trump to Apple: “Don’t expand production in India”, May 15, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News