International News

၂၀၂၅ ခုနှစ် ဧပြီလတွင် အိန္ဒိယနိုင်ငံ၏ကုန်ပစ္စည်းတင်ပို့မှု ၉ ရာခိုင်နှုန်းတိုးတက်ကာ အမေရိကန် ဒေါ်လာ ၃၈ ဒသမ ၄၉ ဘီလီယံအထိ ရောက်ရှိ

Last Updated:

အိန္ဒိယနိုင်ငံ၏ပို့ကုန်လုပ်ငန်းရှင်များသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် ပို့ကုန်တင်ပို့မှုသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၉ ဒသမ ၀၃ ရာခိုင်နှုန်းတိုးတက်ကာ အမေရိကန်ဒေါ်လာ ၃၈ ဒသမ ၄၉ ဘီလီယံအထိရောက်ရှိခဲ့သဖြင့် ဘဏ္ဍာရေးနှစ်ကို အကောင်းမြင်စိတ်ဖြင့် စတင်နိုင်ခဲ့ကြောင်း၊ အဆိုပါတိုးတက်မှုသည် အင်ဂျင်နီယာဆိုင်ရာပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများနှင့် အီလက်ထရွန်နစ်ပစ္စည်းများ တင်ပို့မှုတိုးတက်ခြင်းကြောင့်ဖြစ်ကြောင်း သိရသည်။ သို့သော် သွင်းကုန်များ ပိုမိုမြင့်မားစွာတိုးတက်လာမှုကြောင့် ကုန်သွယ်မှုလိုငွေသည် အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၄၂ ဘီလီယံအထိ ရောက်ရှိခဲ့ပြီး ငါးလအတွင်း အမြင့်ဆုံးသို့ ရောက်ရှိခဲ့ကြောင်း The Hindu Businessline က ယခုလ ၁၅ ရက်က ဖော်ပြ သည်။

အိန္ဒိယကူးသန်းရောင်းဝယ်ရေးဌာနမှ ယခုလ ၁၅ ရက်(ကြာသပတေး နေ့)တွင် ထုတ်ပြန်သောအချက်အလက်များအရ ၂၀၂၅ ခုနှစ် ဧပြီလတွင် သွင်းကုန်များသည် ရေနံစိမ်းနှင့် အီလက်ထရွန်နစ်ပစ္စည်းများတင်သွင်းမှုတိုးတက်လာခြင်းကြောင့် ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၉ ဒသမ ၁၂ ရာခိုင်နှုန်းတိုးတက်ကာ အမေရိကန်ဒေါ်လာ ၆၄ ဒသမ ၉၁ ဘီလီယံအထိရောက်ရှိခဲ့ကြောင်း သိရသည်။

"ယခုနှစ်ကို ကျွန်တော်တို့အကောင်းမြင်စိတ်ဖြင့် စတင်နိုင်ခဲ့ပါတယ်... ပြီးခဲ့သည့်နှစ်က ပြဿနာများစွာရှိခဲ့ပါတယ်။ ကုန်သွယ်မှုလမ်းကြောင်းက အဓိကပြဿနာတစ်ခုဖြစ်ပြီး သင်္ဘောများသည် ပင်လယ်နီကိုရှောင် ရှားရန်နှင့် Good Hope အငူဖက်မှ ပိုမိုရှည်လျားသော လမ်းကြောင်းကို အသုံးပြုရန် တွန်းအားပေးခံခဲ့ရတယ်။ ထောက်ပံ့ရေးဆိုင်ရာ ပြဿနာများလည်း ရှိခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေး နှင့် အာမခံစရိတ်များ တိုးမြင့်လာခဲ့တယ်။ သို့သော် အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းတွင် ခံနိုင်ရည်ရှိမှုကို ပြသနိုင်ခဲ့ကြပါတယ်။" ဟု အိန္ဒိယကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအတွင်းဝန် Sunil Barthwal က ကုန်သွယ်မှုအချက်အလက်များဆိုင်ရာ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။

၎င်းက တိုးတက်မှုအရှိန်အဟုန်သည် ယခုဘဏ္ဍာရေးနှစ်အတွင်း ဆက် လက်ရှိနေမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယပို့ကုန်လုပ်ငန်းရှင်များအဖွဲ့အစည်းဖြစ်သော FIEO က တိုးတက်မှုအရှိန်အဟုန်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် တည်ငြိမ်သောမူဝါဒ၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေမှုမြှင့်တင်ခြင်း၊ ထောက်ပံ့ပို့ဆောင်ရေးစနစ် တိုးတက်ကောင်းမွန်လာခြင်းနှင့် အထူးသဖြင့် ယူကေ၊ အမေရိကန်၊ အီးယူ၊ အိုမန်နှင့် ပင်လယ်ကွေ့ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (GCC)နိုင်ငံများကဲ့သို့သော နိုင်ငံများနှင့် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက်များ အချိန်မီချုပ်ဆိုနိုင်ခြင်းတို့မှတစ်ဆင့် ဆက်လက်ပံ့ပိုးမှုများ လိုအပ်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

"အထူးသဖြင့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် သင့်တင့်သောချေးငွေရရှိနိုင်မှု၊ အတိုးနှုန်းညီမျှစေခြင်း၊ ပို့ကုန်ခွန်ပြန်လည်ထုတ်ယူမှုအစီအစဉ်(The Remission of Duties and Taxes on Exported Products (RoDTEP) scheme) နှင့် အခြားပို့ကုန်ဆိုင်ရာ အကျိုးခံစားခွင့်များကဲ့သို့သော မက်လုံးများကို အချိန်မီထုတ် ပေးခြင်းတို့သည် ပို့ကုန်ယှဉ်ပြိုင်နိုင်စွမ်းကို ထိန်းသိမ်းထားရန်နှင့် ရည်မှန်းထားသော တိုးတက်မှုပန်းတိုင်များကို အောင်မြင်ရန်အတွက် အရေးကြီးပါလိမ့်မည်" ဟု FIEO အကြီးအကဲ SC Ralhan က ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ၏ ထိပ်တန်းပို့ကုန် ၁၀ ခုအနက် ၉ ခုသည် ၂၀၂၅ ခုနှစ် ဧပြီလတွင် တိုးတက်မှုများပြသခဲ့ကြောင်း တွေ့ရှိရသည်။ ယင်းတို့တွင် အင်ဂျင်နီယာဆိုင်ရာပစ္စည်းများ၊ ရေနံထွက်ပစ္စည်းများ၊ အီလက် ထရွန်နစ်ပစ္စည်းများ၊ ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများ၊ ဆေးဝါးနှင့် ဆေးပစ္စည်းများ၊ အသင့်ချုပ်အဝတ်အထည်များ၊ ဆန်၊ ဝါဂွမ်းချည်နှင့် ချည်ထည်များ၊ ပလတ်စတစ်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။ အဆိုပါထိပ်တန်းပို့ကုန် ၁၀ ခုတွင်ပါဝင်သော အော်ဂဲနစ်နှင့် အော်ဂဲနစ် မဟုတ်သော ဓာတုပစ္စည်းများသာ တင်ပို့မှုအနည်းငယ်ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။

ဧပြီလတွင် အိန္ဒိယနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုသည် ၂၅ ဒသမ ၆ ရာခိုင်နှုန်းတိုးတက်ကာ အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၇ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း၊ ရွှေတင်သွင်းမှုသည် ၄ ဒသမ ၈၆ ရာခိုင်နှုန်းတိုးတက်ကာ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၉ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း သိရသည်။ သွင်းကုန်များ သိသိသာသာတိုးတက်ခဲ့သော အခြားပစ္စည်းများတွင် အီလက်ထရွန်နစ်ပစ္စည်းများ၊ စက်ပစ္စည်းများနှင့် ဓာတုပစ္စည်းများပါဝင်ကြောင်း တွေ့ရှိရသည်။

၂၀၂၅ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းပို့ကုန်သည် ယခင်ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၄၃၇ ဒသမ ၀၇ ဘီလီယံရှိခဲ့ရာမှ အမေရိကန်ဒေါ်လာ ၄၃၇ ဒသမ ၄၂ ဘီလီယံသို့ ၀ ဒသမ ၀၈ ရာခိုင်နှုန်းအနည်းငယ်တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။

Source: The Hindu Businessline, India’s goods exports rise 9% in April 2025 to $38.49 billion, May 15, 2025.

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News