International News

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု ကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံထိ စံချိန်တင်မြင့်မားခဲ့

Last Updated:

၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ၏ ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုသည် ကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံထိစံချိန်တင်မြင့်မားခဲ့ပြီး ယခင်နှစ်ဒေါ်လာ ၃ ဒသမ ၉၅ ဘီလီယံထက် ၁၇ ရာခိုင်နှုန်းတိုးမြှင့်လာခဲ့သည်။ အဆိုပါတိုးတက်မှုသည် ငရုတ်သီး၊နံနံ၊ဂျင်း၊တရုတ်နံနံနှင့်စမုန်နက်တို့ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များ၏ဝယ်လိုအားမြင့်တက်လာခြင်းကြောင့်ဖြစ်ကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၁၇ ရက်နေ့က ဖော်ပြသည်။

အိန္ဒိယနိုင်ငံမှ ဘဏ္ဍာနှစ်အလိုက် ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှု

ဟင်းခတ်အမွှေး အကြိုင်အမည်

၂၀၂၃-၂၄ ဘဏ္ဍာနှစ်

၂၀၂၂-၂၃ ဘဏ္ဍာနှစ်

အရေအတွက် (တန်)

တန်ဖိုး (ကန်ဒေါ်လာ သန်း)

အရေအတွက် (တန်)

တန်ဖိုး (ကန်ဒေါ်လာ သန်း)

ငြုပ်သီး

601,084

1,509.00

524,017

1,309.66

နနွင်း

162,019

226.65

170,094

208

နံနံ

108,624

114.74

54,481

82.61

ဇီယာ

165,267

700.37

186,509

522

ငြုပ်ကောင်း

 ၁၇,၈၉၀

88.91

18,026

90.89

ဖာလာ (အသေး)

6,186

120.52

7,353

109.72

ဖာလာ (အကြီး)

1,281

17.86

1,883

1,711.00

ဟင်းချက်မဆလာ အမှုန့်/အနှစ်

72,421

212

57,948

176.26

အမွှေးဆီ/Oleoresins

18,762

497.98

18,398

510.4

စုစုပေါင်း

1,539.692

4,464.17

1,414.254

3,969.79

ရင်းမြစ်။ www.thehindubusinessline.com

အိန္ဒိယဟင်းခတ်အမွှေးအကြိုင်များအား ဝယ်ယူသောအဓိကဈေးကွက်ငါးခုမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊အမေရိကန်ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ်၊ ယူအေအီးနှင့် ထိုင်းနိုင်ငံတို့ဖြစ်ကြသည်။ နနွင်းရရှိနိုင်မှုပြဿနာများနှင့် အီသလင်းအောက်ဆိုဒ်(ETO)မီးခိုးငွေ့ပါဝင်ခြင်းနှင့်ပတ်သက်သည့် အရည်အသွေးဆိုင်ရာစိုးရိမ်မှုများကဲ့သို့သော စိန်ခေါ်မှုများရှိနေသော်လည်း ပို့ကုန်လုပ်ငန်းသည် ခံနိုင်ရည်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

အိန္ဒိယစီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မကြာသေးမီက ထုတ်ပြန်ခဲ့သော လက်ရှိဘဏ္ဍာရေးနှစ် ပထမနှစ်လအတွက် ယာယီခန့်မှန်းချက်အရ ဧပြီလမှ မေလအတွင်း ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုတန်ဖိုးမှာ ဒေါ်လာ ၇၆၆ ဒသမ ၇၉ သန်းရှိပြီး၊ ယမန်နှစ် အလားတူကာလက ကန်ဒေါ်လာ ၈၁၄ ဒသမ ၃၇ သန်းထက် ၅ ဒသမ ၈၄ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

All India Spices Exporters Forum ၏ဒုတိယဥက္ကဌ Emmanuel Nambusseril က ဟင်းခတ်အရောအနှောများ(မဆလာ)တင်ပို့မှုအနည်းငယ်ကျဆင်းခဲ့သော်လည်း ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုအပေါ် ETO ညစ်ညမ်းမှု၏ အလုံးစုံသက်ရောက်မှုမှာ အနည်းငယ်မျှသာဖြစ်ကြောင်း မီးမောင်းထိုးပြခဲ့သည်။ နနွင်းတင်ပို့မှုကျဆင်းရခြင်းမှာ အရည်အသွေးပြဿနာများထက် သီးနှံရှားပါးမှုကြောင့်ဖြစ်ကြောင်း၊ အဆိုပါစိန်ခေါ်မှုများကြောင့် တန်ဖိုးမြှင့်ပို့ကုန်များကို ထိခိုက်မှုမရှိကြောင်း Nambusseril က အလေးထားပြောကြားခဲ့သည်။

လက်ရှိဘဏ္ဍာနှစ်တွင် ဟင်းခတ်အမွှေးအကြိုင်များတင်ပို့မှုမှာ ယခင်နှစ်အလားတူအဆင့်ကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖွယ်ရှိကြောင်း Nambusseril က ကြိုတင်ခန့်မှန်းထားသည်။ သို့သော် အချို့သောဖောက်သည်များသည် ETOပါဝင်မှုဆိုင်ရာစိုးရိမ်မှုများကို တုံ့ပြန်ရန်အတွက် ပြင်ပဓာတ်ခွဲခန်းများမှ စမ်းသပ်မှုရလဒ်အသစ်များကို တောင်းဆိုနေကြသည့်အတွက် ကုမ္ပဏီများအပေါ် ဘဏ္ဍာရေးဝန်ထုပ်ဝန်ပိုး ပိုမိုဖြစ်စေနိုင်သည်ဟု ၎င်းက မှတ်ချက်ချခဲ့သည်။

အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုကဏ္ဍသည် အမျိုးမျိုးသောအတားအဆီးများကြားမှ စျေးကွက်လှုပ်ရှားပြောင်းလဲမှုများကို လိုက်လျောညီထွေဖြစ်စေရန်နှင့် ကမ္ဘာ့ဝယ်လိုအားကိုဖြည့်ဆည်းရာတွင် ခံနိုင်ရည်ရှိပြီး လိုက်လျောညီထွေရှိမှုကို ဆက်လက်ပြသလျက်ရှိကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံ၏ဟင်းခတ်အမွှေးအကြိုင်တင်ပို့မှုသည် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကန်ဒေါ်လာ ၄ ဒသမ ၄၆ ဘီလီယံထိစံချိန်တင်မြင့်မားခဲ့ပြီး၊ အီသလင်းအောက်ဆိုဒ်(ETO)မီးခိုးငွေ့ပါဝင်ခြင်းဆိုင်ရာ အရည်အသွေးစံချိန်စံညွှန်းကိစ္စရပ်ကြောင့် နနွင်း၊ မဆလာစသည့် ဟင်းခတ်အမွှေးအကြိုင်အချို့၏တင်ပို့မှုအပေါ် အနည်းငယ်အကျိုးသက်ရောက်စေလျက်ရှိပါသည်။

ရည်ညွှန်း။          The Hindu Businessline, India’s spices exports at record $4.46 billion in FY24, June 17, 2024        

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News