ထိုင်းနိုင်ငံ၌ ဗီဇာကင်းလွတ်ခွင့်ဖြင့် ဝင်ရောက်လာခဲ့ပြီး တရားမဝင်စီးပွားရေးလုပ်ငန်းဆောင်ရွက်နေမှုကို တိုက်ဖျက်ရန် အရွေ့တစ်ခုအနေဖြင့် ဗီဇာကင်းလွတ် ခွင့်ဖြင့် နေထိုင်ခွင့်ကာလကို ရက်ပေါင်း ၆၀ မှ ရက်ပေါင်း ၃၀ သို့လျှော့ချသွားရန် သက်ဆိုင်ရာအဖွဲ့အစည်းများက မူအားဖြင့် သဘောတူညီပြီးဖြစ်ကြောင်း ခရီးသွားနှင့် အားကစားဝန်ကြီးဌာနက ပြောကြားချက်အရ သိရှိရပါသည်။
ဗီဇာကင်းလွတ်ခွင့်ကာလလျှော့ချရေးနှင့်စပ်လျဉ်းသည့် ပြဿနာရပ်အပေါ် လွန်ခဲ့သောရက်သတ္တပတ်မှစ၍ ဆွေးနွေးလျက်ရှိကြောင်း၊ ဗီဇာကင်းလွတ်ခွင့်ကာလကို ရက်ပေါင်း ၆၀ မှ ၃၀ သို့ လျှော့ချသွားမည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းဆိုင်ရာ ချိန်ညှိနိုင်ရေးအတွက် တရားဝင်မကြေညာမီ အသေးစိတ်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားများအတွက် နိုင်ငံပေါင်း ၉၃ မှ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူများအား ရက်ပေါင်း ၆၀ ထက်မကျော်သော နေထိုင်ခွင့်ကို ၂၀၂၄ ခုနှစ် ဇူလိုင်လမှစ၍ ပေးခဲ့ပါကြောင်း၊ ကာလရှည်နေထိုင်သူများသည် ပျမ်းမျှအားဖြင့် ရက်ပေါင်း ၁၄ ရက်မှ ၂၁ ရက်အတွင်း၊ ကာလတိုနေထိုင်သူများသည် ခရီးစဉ်တစ်ခုတွင် ၂ ပတ် သို့မဟုတ် ၇ ရက်သာနေထိုင်ကြသဖြင့် ဗီဇာကင်းလွတ်ခွင့်ကာလတိုးမြှင့်ခဲ့ခြင်းအပေါ် ခရီးသွားလုပ်ငန်းဆောင်ရွက်သူများ၏ စိုးရိမ်မှုရှိခဲ့ပါကြောင်း ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် Ms. Natthriya Thaweevong က ပြောကြားခဲ့သည်။
နိုင်ငံအတွင်း၌ တရားမဝင်နိုင်ငံခြားသားအလုပ်လုပ်ကိုင်သည့်အရေအတွက်သည် မြင့်တက်လာလျက်ရှိကြောင်း၊ ဧည့်သည်များကို ရက်အလိုက် တရားမဝင်ငှားရမ်းသည့် ကွန်ဒိုအရေအတွက်သည်လည်း မြင့်တက်လာလျက်ရှိကြောင်း၊ ထိုင်းနိုင်ငံသားအမည်ခံ နိုင်ငံခြားစီးပွားရေးလုပ်ငန်းများဆောင်ရွက်နေခြင်းနှင့် ဗီဇာကင်းလွတ်ခွင့်သက်တမ်းကို ရက် ၃၀ သို့လျှော့ချရန် လွှတ်တော်အဖွဲ့ဝင်ဟောင်းက အစိုးရကို တောင်းဆိုခဲ့ကြောင်း၊ ခရီးသွားလုပ်ငန်းနှင့် ခရီးသွားလမ်းညွှန်အက် ဥပဒေကို ပိုမိုထိထိရောက်ရောက်ဆောင်ရွက်ရန် ခရီးသွားဦးစီးဌာနကို ညွှန်ကြားထားကြောင်း၊ အထူးပူးတွဲလုပ်ငန်းစင်တာက ဖူးခက်၊ ချင်းမိုင်၊ ပတ္တယား၊ ဟွာဟင်း၊ ကော့စမွေနှင့် ဗန်ကောက်တို့၌ တရားမဝင်ဆောင်ရွက်နေမှုများကို အဆက်မပြတ်စစ်ဆေးလျက်ရှိကြောင်း၊ အခွင့်အာဏာရှိသော ဒါရိုက်တာများ၊ ဒါရိုက်တာအချိုးနှင့် ရှယ်ယာအချိုးများကို လျှို့ဝှက်စွာပြောင်းလဲခဲ့သဖြင့် ခရီးသွားလုပ်ငန်းဆောင်ရွက်ခွင့်တွင် အရည်အချင်း မပြည့်မီသော ကုမ္ပဏီ ၄၀ ခု၏လိုင်စင်များကို ရုတ်သိမ်းခဲ့ပါကြောင်း Ms. Natthriya က ဖြည့်စွက်ပြောကြားခဲ့သည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)