International News

ရုရှား၏ ဂျုံတင်ပို့မှု ၇၃% တိုးမြင့်ပြီး တန်ချိန် ၂၁.၇ သန်းကျော်အထိရောက်ရှိ

Last Updated:

ရုရှားနိုင်ငံ၏ကမ္ဘာ့ဈေးကွက်များသို့ ဂျုံတင်ပို့မှုသည် ၂၀၂၆ ခုနှစ် ဇန်နဝါ ရီလမှ ဇူလိုင် ၁၀ ရက်အထိကာလအတွင်း သိသိသာသာတိုးတက်လာခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၇၃ ရာခိုင်နှုန်းမြင့်တက်ကာ တန်ချိန် ၂၁.၇ သန်းကျော်အထိရောက်ရှိခဲ့ကြောင်း ရုရှားစိုက်ပျိုး ရေးထိန်းချုပ်ရေးဌာန(Rossel khoznadzor)က Federal State Information System “Argus-Fito” ၏အချက်အလက်များကို ကိုးကား ၍ထုတ်ပြန်ခဲ့သည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇူလိုင် ၁၀ ရက်အထိ ရုရှားနိုင်ငံမှ စပါးနှင့် စပါးထုတ်ကုန်များတင်ပို့မှုစုစုပေါင်းသည် တန်ချိန် ၃၆.၁ သန်းကျော်ရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် အလားတူကာလတွင် တန်ချိန် ၂၁.၄ သန်းသာတင်ပို့နိုင်ခဲ့သဖြင့် ယခုနှစ်တွင် ၆၉ ရာခိုင်နှုန်းတိုးတက်လာခဲ့သည်။ ထုတ်ကုန်အမျိုးအစားအလိုက်ကြည့်ပါက စပါးမျိုးစုံတင်ပို့မှုသည် ၇၉ ရာခိုင်နှုန်းတိုးမြင့်၍ တန်ချိန် ၂၇.၆ သန်းကျော်ရှိလာခဲ့ပြီး၊ တိရစ္ဆာန်အစာ၊ ရောစပ်အစာနှင့် ယင်းတို့ထုတ်လုပ်ရာတွင် အသုံးပြုသည့် ကုန်ကြမ်းများတင်ပို့မှုမှာ ၂၇ ရာခိုင်နှုန်းတိုးမြင့်ကာ တန်ချိန် ၃.၇ သန်းကျော်ရှိခဲ့သည်။ ထို့အပြင် ဆီထွက်သီးနှံများတင်ပို့မှုသည် ၅၈ ရာခိုင်နှုန်းတိုးတက်၍ တန်ချိန် ၂.၄ သန်းနီးပါး၊ ပဲမျိုးစုံတင်ပို့မှုမှာ ၈၁ ရာခိုင်နှုန်းတိုးမြင့်၍ တန်ချိန် ၁.၈ သန်းခန့်ရှိခဲ့သည်။

ရုရှား၏ ဂျုံအပြင် အခြားသီးနှံများတင်ပို့မှုတွင်လည်း တိုးတက်မှုများတွေ့ရှိရသည်။ပြောင်းဖူးနှင့်မုယောစပါးတင်ပို့မှုသည် နှစ်ဆခန့်မြင့်တက် ခဲ့ပြီး ပြောင်းဖူးတင်ပို့မှုမှာ တန်ချိန် ၁ သန်း၊ မုယောစပါးတင်ပို့မှုမှာ တန်ချိန် ၂.၃ သန်းအထိရောက်ရှိခဲ့သည်။

၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ရုရှား၏စပါးထုတ်ကုန်များတင်ပို့မှုသည် အဓိကဈေးကွက်များတွင်လည်း တိုးတက်ခဲ့သည်။ တူရကီနိုင်ငံသို့တင်ပို့မှုသည် ၈၆ ရာခိုင်နှုန်း၊ အီဂျစ်နိုင်ငံသို့ ၄၅ ရာခိုင်နှုန်း၊ တရုတ်နိုင်ငံသို့ ၆၃ ရာခိုင်နှုန်း၊ အီရန်နိုင်ငံသို့ ၇၅ ရာခိုင်နှုန်းတိုးမြင့်ခဲ့သည်။ ထို့အပြင် ကာဇက်စတန်သို့ တင်ပို့မှုမှာ သုံးဆ၊ ဆူဒန်နိုင်ငံသို့ နှစ်ဆ၊ ကင်ညာနိုင်ငံသို့ ၁၉ ဆအထိတိုးတက်ခဲ့ပြီး၊ အဇာဘိုင်ဂျန်၊ ယူဂန်ဒါနှင့် မိုဇမ်ဘစ်နိုင်ငံများသို့လည်း လေးဆခန့်တိုးမြင့်ခဲ့သည်။ ဘရာဇီးနှင့် တောင်အာဖရိကသို့ တင်ပို့မှုများမှာလည်း အကြိမ်များစွာ တိုးတက်လာခဲ့သည်။

ယင်းအချက်များအရ ၂၀၂၆ ခုနှစ်တွင် ရုရှားနိုင်ငံသည် ကမ္ဘာ့ဂျုံနှင့် စပါးဈေးကွက်တွင် အဓိကတင်ပို့သူနိုင်ငံတစ်ခုအဖြစ် ဆက်လက်ရပ်တည်နေပြီး၊ အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဈေးကွက်များသို့ စိုက်ပျိုး ရေးထုတ်ကုန်တင်ပို့မှုကို ပိုမိုချဲ့ထွင်လျက်ရှိကြောင်း တွေ့ရသည်။

Source : https://portnews.ru

(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News