International News

ဒေသတွင်းစိန်ခေါ်မှုများကို အခွင့်အလမ်းများအဖြစ် ပြောင်းလဲပြီး ထောက်ပံ့ရေးကွင်းဆက် အားကောင်းအောင်လုပ်ဆောင်နိုင်ခဲ့သည့် ယူအေအီးနိုင်ငံ၏ လက်လီအရောင်းကဏ္ဍ

Last Updated:

ဒေသတွင်းမငြိမ်မသက်မှုများရှိနေသော်လည်း ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုမြှင့်တင်ခြင်း၊ သွင်းကုန်လမ်းကြောင်းများတိုးချဲ့ခြင်းနှင့် စားသုံးသူဗဟိုပြုအစီအစဉ်များလုပ်ဆောင်ခြင်းတို့ကြောင့် ယူအေအီးဈေးကွက်အတွင်း ကုန်ပစ္စည်းပြတ်လပ်မှုမရှိဘဲ ဖူလုံစွာလည်ပတ်လျက်ရှိကြောင်း www.emirates247.com ၏ ၁၆-၇-၂၀၂၆ ရက်စွဲဖြင့် သတင်းဖော်ပြချက်အရ သိရပါသည်။

ယူအေအီးနိုင်ငံ၏ လက်လီအရောင်းကဏ္ဍသည် ၂၀၂၆ ခုနှစ် ပထမနှစ်ဝက်အတွင်း ကြုံတွေ့ခဲ့ရသော ဒေသတွင်းစိန်ခေါ်မှုများကို အောင်မြင်စွာကျော်ဖြတ်ပြီး၊ပိုမိုခိုင်မာအားကောင်းလာကြောင်း လက်လီ ကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့် ကျွမ်းကျင်သူများက ပြောကြားခဲ့ခြင်းဖြစ်ပါသည်။ အစိုးရ၏ပံ့ပိုးကူညီမှုနှင့်လုပ်ငန်းရှင်များ၏ကြိုတင်ပြင်ဆင် မှုများကြောင့် ထောက်ပံ့ရေးကွင်းဆက်ပိုမိုကောင်းမွန်လာပြီး၊ ကုန် ပစ္စည်းဖူလုံမှုနှင့် စားသုံးသူများ၏ယုံကြည်မှုကို တိုးမြှင့်ပေးနိုင်ခဲ့ကြောင်း သိရပါသည်။

ယူအေအီးလုပ်ငန်းရှင်များသည် သွင်းကုန်လမ်းကြောင်းများတိုးချဲ့ခြင်း၊ ပြည်တွင်းစိုက်ပျိုးရေးခြံများနှင့် အစားအသောက်ထုတ်လုပ်ရေးလုပ်ငန်းများအပေါ် ပိုမိုမှီခိုအားထားခြင်း၊ ကုန်လှောင်ရုံလက်ကျန်များမြှင့်တင်ခြင်းနှင့် ကုန်ပစ္စည်းပြန်လည်ဖြည့်တင်းမှုလုပ်ငန်းများအား အရှိန်အဟုန်မြှင့် လုပ်ဆောင်ခြင်းတို့ဖြင့် ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်ခဲ့ကြခြင်းကြောင့် စားသုံးသူများအနေဖြင့် ပိုမိုစုံလင်သောကုန်ပစ္စည်းများအား သက်သာသောဈေးနှုန်းများဖြင့် ရွေးချယ်ဝယ်ယူခွင့်ရရှိကြကြောင်း သိရပါသည်။

အစိုးရ၏ ထိရောက်သောမူဝါဒများနှင့် လက်လီကဏ္ဍ၏ လျင်မြန်စွာတုံ့ပြန်ဆောင်ရွက်နိုင်မှုများကြောင့် ဒေသတွင်းအခြေအနေများအား ကောင်းမွန်စွာကိုင်တွယ်ဖြေရှင်းနိုင်ခဲ့ပြီး နောင်ကြုံတွေ့ရမည့်စိန်ခေါ်မှုများအတွက်လည်း ပိုမိုအသင့်ဖြစ်စေခဲ့ကြောင်း Union Coop ၏ အမှုဆောင်အရာရှိချုပ် မိုဟာမက် အယ်လ် ဟာရှီမီ က ပြောကြားခဲ့ပါ သည်။

အဓိကရလဒ်တစ်ခုအဖြစ် ပြည်တွင်းစိုက်ပျိုးရေးခြံများနှင့် ပူးပေါင်းဆောင်ရွက်မှုတိုးချဲ့နိုင်ခဲ့သဖြင့် ပြည်တွင်းဖြစ် လတ်ဆတ်သောကုန် ပစ္စည်းများ ဈေးကွက်အတွင်း ပိုမိုရရှိလာကြောင်း။ ဥပမာအားဖြင့် စားသုံးသူများသည် ကြက်သွန်နီတစ်မျိုးတည်းကိုပင် မတူညီသောဈေးနှုန်းနှင့် အရည်အသွေးအမျိုးအစား ၆ မျိုးကျော်အထိ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်လာကြကြောင်း သိရပါသည်။

ရေကြောင်း၊ ကုန်းကြောင်းနှင့် လေကြောင်းသယ်ယူပို့ဆောင်ရေးလမ်းကြောင်းများအား စုံလင်အောင်တိုးချဲ့အသုံးပြုခဲ့သည့်အတွက် ထောက်ပံ့ရေးစနစ်ပိုမိုခိုင်မာစေခဲ့ပြီး ကုန်လှောင်ရုံစီမံခန့်ခွဲမှုနှင့် ကုန် ပစ္စည်းဖြည့်တင်းမှုနှုန်းကို မြှင့်တင်ပေးနိုင်ခဲ့ကြောင်း အယ်လ် ဟာရှီမီက ပြောကြားခဲ့ပါသည်။ ထို့အပြင် စားသုံးသူများ၏ အသိပညာမြင့်မားလာခြင်းကလည်း ဈေးကွက်ကို တည်ငြိမ်စေပြီး မိသားစုအများစုမှာ လိုအပ်သည်ထက် ပိုမိုဝယ်ယူစုဆောင်းခြင်း(Panic buying)မပြုလုပ်ဘဲ အမှန်တကယ်လိုအပ်သလောက်သာဝယ်ယူကြကြောင်း သိရပါသည်။

ယူအေအီးလက်လီကဏ္ဍသည် လုပ်ငန်းလည်ပတ်မှုအဆင်သင့်ဖြစ်စေခြင်းကို မြှင့်တင်ထားသဖြင့် ကုန်ပစ္စည်းလက်ကျန်အလုံအလောက်ရှိနေပြီး ဈေးကွက်အတွင်း အမြဲတစေဖူလုံလျက်ရှိကြောင်း၊ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရန် အစိုးရ၏ ကူညီပေးမှုများကြောင့် သွင်းကုန်ရရှိနိုင်မည့် နိုင်ငံအမြောက်အများထံမှ လမ်းကြောင်းစုံတင်သွင်းနိုင်ခဲ့ပြီး၊ ပြိုင်ဆိုင်မှုပြင်းထန်လာသည်နှင့်အမျှ ပရိုမိုးရှင်းအစီအစဉ်များနှင့် လျှော့ဈေးများကိုပါ တိုးချဲ့ပေးနိုင်ခဲ့ကြောင်း သိရပါသည်။  

ပြည်တွင်းစိုက်ပျိုးရေးနှင့်စက်မှုကုန်ထုတ်လုပ်ငန်းများအပေါ် မှီခိုမှုမြှင့်တင်ခြင်းဖြင့် မကြာသေးမီကကြုံတွေ့ရသော စိန်ခေါ်မှုများအား အခွင့် အလမ်းများအဖြစ် ပြောင်းလဲနိုင်ခဲ့ကြောင်း၊ စားသုံးသူများသည် ဈေးကွက်မငြိမ်မသက်ဖြစ်စေမည့် အလေ့အထဆိုးများအား ရှောင်ကြဉ်လာကြသဖြင့် ဈေးကွက်ထိန်းညှိမှုကို ပိုမိုအထောက်အကူပြုစေကြောင်း Lulu Group ၏အဖွဲ့အစည်းဆိုင်ရာ ဆက်သွယ်ရေးဒါရိုက်တာ နန်ဒါ ကူးမားက ပြောကြားခဲ့ပါသည်။

လက်ရှိအခြေအနေများသည် ယခင်ကိုဗစ်-၁၉ကပ်ရောဂါကာလအတွင်း ရရှိခဲ့သော သင်ခန်းစာများအား အသုံးချကာ အကြပ်အတည်းများကို ပိုမိုကျွမ်းကျင်စွာ စီမံခန့်ခွဲနိုင်ခြင်းဖြစ်ကြောင်း၊ ယခုကာလအတွင်း အဓိကအောင်မြင်မှုတစ်ခုမှာ စားသုံးသူများအတွက် အခြေခံကုန်စည်ဈေးနှုန်းများဖော်ပြပေးသည့် ပလက်ဖောင်း(Main Commodities Price Platform)လွှင့်တင်ပေးနိုင်ခဲ့ခြင်းဖြစ်ပြီး၊ ဈေးနှုန်းပွင့်လင်းမြင်သာမှုနှင့် စားသုံးသူများ၏ အသိပညာကို တိုးတက်စေခဲ့ကြောင်း သိရပါသည်။

ကမ္ဘာ့အချို့ဈေးကွက်များမှာ ကုန်ပစ္စည်းပြတ်လပ်မှုနှင့်ထောက်ပံ့ရေးကွင်းဆက်ပြတ်တောက်မှုများကြုံတွေ့နေရချိန်တွင် ယူအေအီးလက်လီကဏ္ဍသည် ကုန်စည်ပြတ်လပ်မှုမရှိဘဲ ခိုင်မာစွာရပ်တည်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။ လုပ်ငန်းရှင်များ၏သုံးသပ်ချက်အရ သွင်းကုန်လမ်းကြောင်းများ စုံလင်စွာဖြန့်ခွဲခြင်း၊ ပြည်တွင်းကုန်ထုတ်လုပ်မှုမြှင့်တင်ခြင်း၊ သယ်ယူပို့ဆောင်ရေးကဏ္ဍအားကောင်းစေခြင်းနှင့် စားသုံးသူများ၏စနစ်တကျဝယ်ယူမှုပုံစံများပေါင်းစပ်မှုကြောင့် ယူအေအီးလက်လီ ကဏ္ဍသည် ကမ္ဘာနှင့်ဒေသတွင်း မည်သည့်ပြောင်းလဲမှုမျိုးကိုမဆို ထိရောက်စွာတုံ့ပြန်နိုင်စွမ်းရှိနေကြောင်း သိရပါသည်။

Source:  https://www.emirates247.com/business/uae-retailers-turn-regional-challenges-into-growth-opportunities-strengthen-supply-chains/3700

(ကျော်စိန်ဝင်း၊ စီးပွားရေးသံမှူး၊ အဘူဒါဘီမြို့)

Category: International News