ရုရှားနိုင်ငံ၏ ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ မေလအထိ(ပထမ ၅ လ)ကာလအတွင်း နိုင်ငံခြားကုန်သွယ်ရေးပိုငွေ(Trade Balance)သည် ယခင်နှစ်ကာလတူထက် ၉.၄ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၅၉.၁ ဘီလီယံသို့ရောက်ရှိခဲ့ကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင် မှုဌာန(Federal Customs Service – FCS)က ထုတ်ပြန်သည့် နိုင်ငံခြားကုန်သွယ်ရေးစာရင်းဇယားများအရ သိရသည်။ ၂၀၂၅ ခုနှစ် အလားတူကာလတွင် ကုန်သွယ်ရေးပိုငွေမှာ အမေရိကန်ဒေါ်လာ ၅၄ ဘီလီယံဖြစ်ခဲ့သည်။
FCS ၏ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ပထမ(၅)လအတွင်း ရုရှား၏ပို့ကုန်တန်ဖိုးသည် ယခင်နှစ်ကာလတူထက် ၈.၅ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၇၇.၄ ဘီလီယံသို့ရောက်ရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၁၆၃.၅ ဘီလီယံရှိခဲ့သည်။ အလားတူ သွင်းကုန်တန်ဖိုးသည်လည်း ၈.၁ ရာခိုင်နှုန်းမြင့်တက်ကာ အမေရိကန်ဒေါ်လာ ၁၁၈.၃ ဘီလီယံသို့ရောက်ရှိခဲ့ပြီး၊ ယခင်နှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၉.၅ ဘီလီယံရှိခဲ့သည်။
ယင်းကာလအတွင်း ရုရှား၏နိုင်ငံခြားကုန်သွယ်မှုပမာဏ(Foreign Trade Turnover)သည် ၈.၃ ရာခိုင်နှုန်းတိုးတက်ကာ အမေရိကန်ဒေါ်လာ ၂၉၅.၇ ဘီလီယံသို့ရောက်ရှိခဲ့ပြီး၊ ၂၀၂၅ ခုနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၂၇၃ ဘီလီယံရှိခဲ့သည်။
ဒေသအလိုက်ပို့ကုန်တင်ပို့မှုအနေဖြင့် ဥရောပသို့တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၃ ဘီလီယံရှိပြီး ယခင်နှစ်ထက် ၈.၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ သို့သော် အာရှဒေသသို့တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၁၄၁.၅ ဘီလီယံရှိကာ ၁၄.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အာဖရိကသို့ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၈.၃ ဘီလီယံရှိပြီး ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့ကာ၊ အမေရိကတိုက်သို့တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၄.၅ ဘီလီယံရှိပြီး ၁၇ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
သွင်းကုန်များအနေဖြင့် ဥရောပမှ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၃၀.၃ ဘီလီယံရှိပြီး ၈ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။ အာရှမှ တင်သွင်းမှု သည် အမေရိကန်ဒေါ်လာ ၇၉.၆ ဘီလီယံရှိကာ ၈.၈ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ အာဖရိကမှ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၁.၉ ဘီလီယံရှိပြီး ၇.၁ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း အမေရိကတိုက်မှ တင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၆.၅ ဘီလီယံရှိကာ ၄.၃ ရာခိုင် နှုန်းမြင့်တက်ခဲ့သည်။
ထို့အပြင် ၂၀၂၅ ခုနှစ် တစ်နှစ်လုံးအတွက် ရုရှား၏နိုင်ငံခြားကုန်သွယ် ရေးပိုငွေသည် အမေရိကန်ဒေါ်လာ ၁၃၉.၃ ဘီလီယံ ရှိခဲ့ပြီး၊ ၂၀၂၄ ခုနှစ်နှင့်နှိုင်းယှဉ်ပါက ၈.၂ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ ၂၀၂၅ ခုနှစ်တွင် ပို့ကုန်တန်ဖိုး သည် ၃.၇ ရာခိုင်နှုန်းလျော့ကျကာ အမေရိကန်ဒေါ်လာ ၄၁၈.၃ ဘီလီယံရှိခဲ့ပြီး၊ သွင်းကုန်တန်ဖိုးသည်လည်း ၁.၄ ရာခိုင်နှုန်းကျဆင်းကာ အမေရိကန်ဒေါ်လာ ၂၇၉ ဘီလီယံရှိခဲ့ ကြောင်း ဖော်ပြထားသည်။
Source : https://www.kommersant.ru
(အောင်ဖြိုးထွဋ်၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)