International News

ထိုင်းပြည်တွင်းကုန်သွယ်မှုဦးစီးဌာနက တောင်ပိုင်းဒူးရင်းသီးစျေးနှုန်းတည်ငြိမ်စေရန် အရေးပေါ်ဗျူဟာများချမှတ်၊ တရုတ်စျေးကွက်နှောင့်နှေးမှုနှင့် ရာသီဥတုဘေးဒဏ်များကို ဖြေရှင်းလျက်ရှိ

Last Updated:

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် Mr. Wittayakorn Maneenet ၏ ထုတ်ပြန်ချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် စီးပွားကူးသန်းဝန်ကြီး Ms. Supajee Suthamphan သည် ထိုင်းနိုင်ငံတောင်ပိုင်းရှိ ဒူးရင်းသီးစျေးကွက်အခြေအနေကို မျက်ခြေမပြတ်စောင့်ကြည့်စစ်ဆေးရန် ညွှန်ကြားထားကြောင်းသိရသည်။ ၂၀၂၆ ခုနှစ်တွင် ထိုင်းတောင်ပိုင်း၌ ဒူးရင်းသီးထွက်နှုန်းမှာ စံချိန်တင်တန်ချိန် ၇၅၂,၅၁၅ တန်အထိရှိလာနိုင်ပြီး ယခင်နှစ်ထက် ၃၀ ရာခိုင်နှုန်းမြင့်တက်လာခြင်းဖြစ်သည်။ လက်ရှိတွင် စုစုပေါင်းထွက်နှုန်း၏ ၃၅ ရာခိုင်နှုန်းကို ရိတ်သိမ်းပြီးဖြစ်ကာ စျေးကွက်အတွင်းဖြန့်ဖြူးရန် တန်ချိန် ၄၈၉,၁၉၉ ခန့်ကျန်ရှိနေသေးသည်ဖြစ်ကြောင်း ဖော်ပြထား သည်။

ရာသီအစတွင် ဒူးရင်းသီးစျေးနှုန်းများကျဆင်းခဲ့ရသည့် အဓိကအကြောင်းရင်းများမှာ -

  • တရုတ်စျေးကွက်နှောင့်နှေးခြင်း: ရာသီအစပိုင်းက တရုတ်စျေးကွက်အတွင်းသို့ စံနှုန်းမမီသော ဒူးရင်းနု(Unripe durian)များဝင်ရောက်သွားခဲ့သည့် အရည်အသွေးပြဿနာကြောင့် တရုတ်ဘက်က အဝယ်အော်ဒါများပေးရန် ကြန့်ကြာနေခြင်း။
  • ဒေသတွင်းနှင့် ပြည်ပပြိုင်ဆိုင်မှုပြင်းထန်ခြင်း: ပြည်ပနိုင်ငံများမှ ပြိုင်ဆိုင်မှုများအပြင် ထိုင်းနိုင်ငံအတွင်းရှိ အခြားဒေသများဖြစ်သော ဥတ္တရဒစ်(Uttaradit)၊ သီရိသကေတ(Sisaket)နှင့် နခွန်ရက်ချာစီမာ (Nakhon Ratchasima)တို့မှထွက်ရှိသည့် ဒူးရင်းသီးများနှင့်ပါ စျေးကွက်အတွင်း တစ်ပြိုင်နက်ပြိုင်ဆိုင်နေရခြင်း။

ယခုကဲ့သို့စျေးနှုန်းကျဆင်းမှုကိုဖြေရှင်းရန် ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် စျေးကွက်ဦးဆောင်ဝယ်ယူမှုများနှင့်စားသုံးသူမြှင့်တင်ရေးကမ်ပိန်းများကို ချက်ချင်း လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ဒူးရင်းသီးစျေးနှုန်းများမှာ Grade AB လျှင် တစ်ကီလို ၈၅-၁၀၅ ဘတ်၊ Grade C လျှင် ၆၀-၈၀ ဘတ်နှင့် Grade D လျှင် ၄၀-၅၅ ဘတ်အထိအသီးသီးရှိနေသည်။ ထို့ပြင် မီဒီယာများတွင် ဒူးရင်းသီးတစ်လုံး ၅ ဘတ်အထိ စျေးပေါနေသည်ဟူသောသတင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ ၅ ဘတ်တန်ဒူးရင်းသီးမှာ အဆင့်မြင့် Mon Thong အမျိုးအစားမဟုတ်ဘဲ ဒေသခံရိုးရာမျိုးစိတ်ဖြစ်ကြောင်း၊ အသီးမှာ သေးငယ်ပြီး ကွဲအက်နေကာ အများအားဖြင့် ဒူးရင်းယိုနှင့် မုန့်အနှစ်ပတ်များပြုပြင်လုပ်ဆောင်ရာတွင်သာ အသုံးပြုသည့်အဆင့်နိမ့်အမျိုးအစားဖြစ်ကြောင်းဖော်ထုတ်နိုင်ခဲ့သည်။ဥတ္တရဒစ်ပြည်နယ်မှ ထွက်ရှိသော လပ်လဲ(Lablae)ဒူးရင်းသီးများနှင့်ပတ်သက်၍လည်း အရည်အသွေးမြင့်သီးနှံများကို စီးပွားကူးသန်းဝန်ကြီးဌာနမှတစ်ဆင့် စျေးကွက်ပေါက်စျေးထက် မြင့်မားစွာဝယ်ယူပေးခဲ့သော်လည်း၊ အချို့သော စိုက်ခင်းများမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မှိုနှင့်ပိုးမွှားဒဏ်ခံခဲ့ရသဖြင့် အဆိုပါပိုလျှံသီးနှံများကို အစိုးရက ပြုပြင်မွမ်းမံရေးလုပ်ငန်းများအတွက် အားလုံးဝယ်ယူပေးခဲ့သည်။

ရေတိုနှင့် ရေရှည်စီမံကိန်းအရ ပြည်တွင်းကုန်သွယ်မှုဦးစီးဌာနသည် တောင်ပိုင်းထွက်သီးနှံတန်ချိန် ၃၀၀,၀၀၀ အား စျေးကွက်အတွင်းရောင်းချရန်လျာထားပြီး၊ ယင်းတွင် ကြိုတင်အရောင်းစာချုပ်ဖြင့် ၃,၇၀၀ တန်၊ ပြည်တွင်းစားသုံးမှုမြှင့်တင်ရေးကမ်ပိန်းဖြင့် ၉,၀၀၀ တန်နှင့် ဒေသပြင်ပသို့ တန်ချိန် ၂၈၁,၀၀၀ တင်ပို့ခြင်းတို့ပါဝင်သည်။ ထို့ပြင် စာတိုက်စနစ်ဖြင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ မက်လုံး များပေးခြင်းနှင့် အရောင်းကောင်တာများဖွင့်လှစ်ပေးခြင်းတို့ကိုပါ ဆောင်ရွက်မည်ဖြစ် သည်။မဟာဗျူဟာမြောက် ကာလလတ်စီမံကိန်းအနေဖြင့် ကမ္ဘာလှည့်ခရီးသွားများ စားသုံးမှုမြှင့်တင်ရေးဆိုင်ရာလှုပ်ရှားမှုများပြုလုပ်ခြင်း၊နာမည်ကြီးအစားအသောက် အမှတ်တံဆိပ်များနှင့်ပူးပေါင်း၍ ဒူးရင်းသီးအခြေပြုမီနူးအသစ်များဖန်တီးခြင်းအပြင် ခရီးသွားလုပ်ငန်းဆွဲဆောင်နိုင်ရန် ချွန်ဖွန်(Chumphon)၊ စူရတ်ဌာနီ(Surat Thani)နှင့် နခွန်စီသမ္မရတ်(Nakhon Si Thammarat)ပြည်နယ်များသို့ သံတမန် များကို ဖိတ်ခေါ်၍ ကွင်းဆင်းလေ့လာမှုများပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ဇူလိုင် ၅ ရက်အထိ ကုန်သွယ်မှုမှတ်တမ်းများအရ ထိုင်းနိုင်ငံသည် ကမ္ဘာ့စျေးကွက်သို့ ဒူးရင်းသီးစုစုပေါင်းတန်ချိန် ၉၀၈,၀၄ ၇.၄၆ တန်အထိ တင်ပို့နိုင်ခဲ့ပြီး၊ သင်္ဘောတင်ပို့မှုပေါင်း ၅၅,၈၃၁ ကြိမ်ပြုလုပ်ခဲ့ကာ စုစုပေါင်းပို့ကုန်တန်ဖိုး ဘတ် ၁၀၄,၁၉၉.၆၂ သန်းကျော်အထိ စံချိန်တင်ရရှိထားကြောင်း သိရှိရပါသည်။

ကိုးကား။  Ministry of Commerce, Thailand

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့)

Category: International News