တရုတ်နိုင်ငံ၏ တိုက်ရိုက်အုပ်ချုပ်မှုအောက်ရှိဒေသများမှ ကုမ္ပဏီများ အာဆီယံဈေးကွက်သို့ ဝင်ရောက်ရန်အတွက် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသသည် ကနဦးဈေးကွက်ရှာဖွေရာဒေသအဖြစ် ရပ်တည်လျက်ရှိသည်ကို ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ပြောကြားခဲ့ကြောင်း Singapore Business Review သတင်းစာတွင် ဖော်ပြပါရှိပါသည်။
ဟောင်ကောင်မြို့သည် တရုတ်နိုင်ငံမှ ကုမ္ပဏီများ၏ ကနဦးဈေးကွက်ရှာဖွေရာဒေသဖြစ်သော်လည်း ငွေကြေးဆိုင်ရာ ထိခိုက်နိုင်ခြေများသည့်အတွက် စင်ကာပူနိုင်ငံသည် ၎င်းအတွက် အရှေ့တောင်အာရှဒေသဈေးကွက်သို့ ဝင်ရောက်ရာမြို့ဖြစ် လာကြောင်း၊တရုတ်နိုင်ငံမှကုမ္ပဏီများက အာဆီယံအပါအဝင် အခြားနိုင်ငံများတွင် ရင်းနှီးမြှုပ်နှံမှုဆောင်ရွက်ရန်အတွက် စင်ကာပူနိုင်ငံကို စင်္ကြံတစ်ခုအဖြစ်တစ်ဆင့်ခံ ဆောင်ရွက်လေ့ရှိကြောင်း၊ အလားတူ စင်ကာပူနှင့် အာဆီယံနိုင်ငံများမှ ကုမ္ပဏီများကလည်း ဟောင်ကောင်မြို့ကို တရုတ်နိုင်ငံ၏ တောင်ဘက်ပိုင်းရှိ စီးပွားရေးအချက်အချာဒေသသို့ ဝင်ရောက်ရာ ထွက်ပေါက်တစ်ခုအဖြစ် အသုံးပြုလျက်ရှိကြောင်း၊ တရုတ်ကုမ္ပဏီများသည် မလေးရှား၊ ဗီယက်နမ်၊ ထိုင်းနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ ဈေးကွက်ချဲ့ထွင်ရာ၌ ၎င်းတို့၏ကုန်စည်များကို ရောင်းချခြင်းသာမက နည်းပညာထုတ်ကုန်များနှင့် လျှပ်စစ်သုံးယာဉ်များ ထုတ်လုပ်သည့် စက်ရုံများကိုလည်း တည်ထောင်လုပ်ကိုင်လျက်ရှိကြောင်း၊ ဟောင်ကောင်၏ ဓလေ့ထုံးတမ်း ဥပဒေအရ တရုတ်ကုမ္ပဏီများအနေဖြင့် အာဆီယံဈေးကွက်သို့ မဝင်ရောက်မီ ဆုံးရှုံးနိုင်ခြေများကို ကြိုတင်ပြင်ဆင်နိုင်ထားကြောင်း ဖော်ပြပါရှိပါသည်။
ထို့ပြင် ဟောင်ကောင်၏စီးပွားရေးကဏ္ဍ နီးကပ်စွာပူးပေါင်းဆောင်ရွက်ရေးအစီ အမံ(Closer Economic Partnership Arrangement)အရ ကုမ္ပဏီများအနေဖြင့် ဟောင်ကောင်မြို့တွင် မှတ်ပုံတင်ပြီး တရုတ်နိုင်ငံ သို့မဟုတ် တရုတ်နိုင်ငံအတွင်းရှိ စာရွက်စာတမ်းလိုအပ်ချက်နည်းပါးသော ဒေသများမှ လုပ်ငန်းများနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း၊ တရုတ်ကုမ္ပဏီများသည် ဟောင်ကောင် မြို့ကို ၎င်းတို့၏ နိုင်ငံတကာရုံးချုပ်များအခြေစိုက်သည့်နေရာအဖြစ် အသုံးပြုလျက်ရှိကြောင်း၊ ဟောင်ကောင်မြို့နှင့်ကပ်လျက်တည်ရှိသော ရှန်ကျန်းမြို့တွင် အချက်အလက်များ သိမ်းဆည်းသည့် စင်တာ၊ခေတ်မီပို့ဆောင်ရေးလုပ်ငန်းနှင့်တက္ကသိုလ်တစ်ခု၊သုတေ သနနှင့်ဖွံ့ဖြိုးတိုးတက်ရေးနယ်မြေ စသည်တို့ကိုတည်ဆောက်ရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ဖော်ပြပါရှိပါသည်။
စင်ကာပူနိုင်ငံသည် ၎င်း၏တည်နေရာနှင့် ကမ္ဘာ့ဈေးကွက်သို့ ဝင်ရောက်ချိတ်ဆက်နိုင်မှုများကို မဟာဗျူဟာကျစွာအသုံးချလျက် ဒေသတွင်းနိုင်ငံများအတွက် အဓိကအချက်အချာနေရာဒေသအဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ စင်ကာပူနိုင်ငံမှတစ်ဆင့်ခံရောင်းဝယ်သည့် ကုန်စည်များနှင့်ဒေတာအချက် အလက်များစီးဆင်းမှုသည် ကမ္ဘာအနှံ့ဖြန့်ကျက်ဆောင်ရွက်နိုင်သည့်အတွက် အိမ်နီးချင်းနိုင်ငံများအပါ အဝင် ဒေသတွင်းနိုင်ငံများအတွက် ကုန်စည်တင်ပို့ရောင်းချရန် အလားအလာကောင်းများကို ဖန်တီးပေးလျက်ရှိပါသည်။ သို့ရာတွင် စင်ကာပူနိုင်ငံသို့တင်ပို့သည့် ကုန်စည်များနှင့် ဒေတာအချက်အလက်များ၏ အရည်အသွေးပြည့်မီမှုသည် အရေး ကြီးသည့် အချက်ဖြစ်သည့်အတွက် စင်ကာပူနိုင်ငံမှတစ်ဆင့် အခြားဒေသများ/နိုင်ငံများသို့ ဈေးကွက်ဝင်ရောက်လိုသည့် လုပ်ငန်းများသည် သတ်မှတ်ထားသည့် လိုအပ်ချက်များပြည့်ဝစေရေးပြင်ဆင်၍ ဈေးကွက်လိုအပ်ချက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကုန်စည်များတင်ပို့ရောင်းချနိုင်ရေး ဆောင်ရွက်သင့်ပါသည်။
ရင်းမြစ်။ Singapore Business Review သတင်းစာ
(ဧဧသန့်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)