International News

အိန္ဒိယတွင် စားတော်ပဲတင်သွင်းသူများက ရောင်းချရန်ငြင်းဆိုခြင်းကြောင့် ဈေးကွက်အတွင်း သိုလှောင်ထားရှိမှုအခြေအနေဖော်ပြရမည့်စည်းမျဉ်းများအား တင်းကျပ်ထား

Last Updated:

အိန္ဒိယနိုင်ငံတွင် စားတော်ပဲ(Yellow Peas)တင်သွင်းသူများက ဈေးနှုန်းသက်သာသော စားတော်ပဲများ ဆက်လက် တင်သွင်းခွင့်ပြုမှုကြောင့် ပြည်တွင်းဈေးကွက်တွင် ဈေးနှုန်းများကျဆင်းနေသဖြင့် တင်သွင်းမှုများအပေါ် အခွန် ကောက်ခံရန် ဗဟိုအစိုးရကို တောင်းဆိုထားကြောင်း၊ ထို့အတူ ဗဟိုအစိုးရကလည်း တင်သွင်းသူများအနေဖြင့် ပြည်တွင်းဈေးကွက်တွင် စားတော်ပဲအမြောက်အများသိုလှောင်ထားမည်ကိုစိုးရိမ်သဖြင့် ပြီးခဲ့သည့်သောကြာနေ့က ပဲမျိုးစုံလုပ်ငန်းနှင့်ကုန်သည်များအား သိုလှောင်ထားရှိမှုများအခြေအနေဖော်ပြရန်လိုအပ်ချက်များကို ပိုမိုကြပ်မတ်ခဲ့ကြောင်း၊ လုပ်ငန်းရှင်များမှတင်ပြထားသော သိုလှောင်ထားရှိမှုအခြေအနေအချက်အလက်များအပြင် ယခုအခါသိုလှောင်ရုံသို့ အဝင်/အထွက်ပမာဏများကိုလည်း တစ်ပတ်လျှင် နှစ်ကြိမ်တင်ပြရမည်ဖြစ်ကြောင်း သိရှိရသည်။

ဗဟိုအစိုးရမှ အကြီးတန်းအရာရှိများသည် ပဲမျိုးစုံလုပ်ငန်းမှ သက်ဆိုင်သူများနှင့်တွေ့ဆုံခဲ့ကြောင်း၊ ကုလားပဲထွက်ရှိမှုသည် အစိုးရနှင့်ကုန်သည်များက ခန့်မှန်းထားသည်ထက် များစွာလျော့နည်းမည်ဟု မျှော်လင့်ထားသောကြောင့် ဗဟိုအစိုးရက စားတော်ပဲတင်သွင်းခွင့်ပြုသည့် နောက်ဆုံးရက်ကို အောက်တိုဘာလ ၃၁ ရက်အထိ  ၄ ကြိမ်တိုင်အောင် တိုးမြှင့်ပေးထားကြောင်း၊ မတ်လ ၃၁ ရက်အား ပထမအကြိမ်တင်သွင်းရန် နောက်ဆုံးရက်အဖြစ် သတ်မှတ်ထားသည့်အတွက် စားတော်ပဲတင်သွင်းသူများက စျေးနှုန်းအမြင့်ဖြင့် အလျင်အမြန်ဝယ်ယူခဲ့ကြရကြောင်း၊ သို့ရာတွင် ဝယ်ယူခွင့်အား အောက်တိုဘာလ ၃၁ ရက်အထိ သက်တမ်းတိုးပေးခဲ့ကြောင်း၊ ထို့ကြောင့် ပဲတင်သွင်းသူများက ၎င်းတို့တင်သွင်းထားသည့် ဈေးနှုန်းသည် လက်ရှိပြည်တွင်းပေါက်ဈေးနှုန်းထက်မြင့်မားနေသဖြင့် ရောင်းချရန်အဆင်ပြေမှုမရှိကြောင်း  အစိုးရကိုတင်ပြခဲ့သည်ဟု  ဆွေးနွေးပွဲသို့တက်ရောက်ခဲ့သည့်ကုန်သည်လုပ်ငန်းရှင်များ၏ ပြောကြားချက်အရ သိရှိရသည်။

နိုင်ငံတကာဈေးကွက်တွင် အထူးသဖြင့်ရုရှား၌ စားတော်ပဲအားပေါများစွာရရှိနိုင်ကြောင်း၊ အီးယူသည် ရုရှားကောက်ပဲသီးနှံများအပေါ် တင်သွင်းခွန်စည်းကြပ်ထားသောကြောင့် လက်ရှိတွင် အိန္ဒိယသည် ရုရှားစားတော်ပဲအတွက် အဓိကဝယ်လက်ဖြစ်နေကြောင်း ကုန်သည်သတင်းရင်းမြစ်များက ပြောကြားထားသည်။

အိန္ဒိယနိုင်ငံသည် မုတ်သုံမိုးရွာသွန်းမှုအပြောင်းအလဲကြောင့် ၂၀၂၃-၂၄ ရာသီချိန်တွင် ပြည်တွင်း၌ စားတော်ပဲနှင့် ကုလားပဲသီးနှံထွက်ရှိမှုကျဆင်းခဲ့ခြင်းကြောင့် စားတော်ပဲတင်သွင်းခွင့်ကို ခွင့်ပြုပေးခဲ့ကြောင်း၊ပဲစားသုံးမှုအများဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံသည် စားတော်ပဲကို ကုလားပဲအစားသုံးစွဲခဲ့ကြောင်း၊ ကုန်သွယ်မှုခန့်မှန်းချက်အရ အိန္ဒိယသည် စားတော်ပဲတန်ချိန် ၁၇ သိန်းတင်သွင်းထားပြီး အောက်တိုဘာလ ၃၁ ရက်မတိုင်မီ နောက်ထပ်တန်ချိန် ၂.၅ သိန်းမှ ၃ သိန်းထိ ထပ်မံရောက်ရှိမည်ဟု ခန့်မှန်းထားကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် စားတော်ပဲအား အစောပိုင်းဝယ်ယူတင်သွင်းထားသူများသည် ဈေးကြီးမိထားသဖြင့် ယခုနောက်ပိုင်းတွင် ဈေးနှုန်းသက်သာစွာဖြင့်တင်သွင်းလာမှုများအပေါ် အခွန်ကောက်ခံရန်တောင်းဆိုမှုများရှိနေမှုအခြေအနေနှင့် အစိုးရမှ စားတော်ပဲအား ကုန်သည်များက လှောင်ထားပြီး ဈေးကစားမှုများလုပ်ဆောင်မည်ကိုစိုးရိမ်သဖြင့် ထိန်းကြောင်းကြပ်မတ်ဆောင်ရွက်လျက်ရှိပါသည်။

Source: Stock disclosure rules for yellow peas tightened as importers refuse to sell, The Economic Times, June 7, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News