International News

အိန္ဒိယ-နယူးဇီလန်လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်(FTA) ယခုနှစ်ကုန်တွင် စတင်သက်ရောက်ရန်မျှော်မှန်းထား

Last Updated:

အိန္ဒိယနှင့် နယူးဇီလန်နိုင်ငံတို့အကြား ချုပ်ဆိုထားသော သမိုင်းဝင် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်(FTA)သည် ယခုနှစ်ကုန်တွင် စတင်အာဏာတည်သက်ရောက်လာနိုင်ဖွယ်ရှိကြောင်း နယူးဇီလန်နိုင်ငံ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး တွဒ် မက္ကလေး၏ ပြောကြားချက်များအရ သိရှိ ရသည်။

သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ဝန်ကြီးမက္ကလေးက နှစ်နိုင်ငံအစိုးရစလုံးသည် အဆိုပါသဘောတူညီချက်ကို အမြန်ဆုံးအကောင်အထည် ဖော်ရန်ဆန္ဒရှိကြကြောင်း ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် ယခုစာချုပ်သည် နယူးဇီလန်ပါလီမန်၌ ပထမအကြိမ် ဖတ်ကြားမဲခွဲမှုကို ထောက်ခံမဲ ၉၃ မဲ၊ ကန့်ကွက်မဲ ၂၆ မဲဖြင့် အတည်ပြုပြီးဖြစ်ကာ လိုအပ်သော ဥပဒေပြုရေးဆိုင်ရာ လုပ်ငန်းစဉ်များကို တရားဝင်ဖြတ်သန်းနေပြီဖြစ်သည်။

"နှစ်နိုင်ငံအစိုးရစလုံးကတော့ ဒီသဘောတူညီချက်ကို နှစ်မကုန်ခင်မှာ စတင်သက်ရောက်စေချင်ကြပါတယ်။ ဒါဟာ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ကုန်သွယ်ရေးစာချုပ်တစ်ခုဖြစ်ပြီး၊ စာချုပ်ရဲ့အရည်အသွေးမြင့်မားမှုနဲ့ ညှိနှိုင်းမှုတွေကြောင့် နှစ်နိုင်ငံလုံးက စီးပွားရေးလုပ်ငန်းတွေဟာ အကျိုးကျေးဇူးတွေကို အလွန်မြန်မြန်ဆန်ဆန်ခံစားရမှာပါ" ဟု ပြောကြားခဲ့ကြောင်း သိရသည်။

မကြာသေးမီက အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီ၏ နယူးဇီလန်ခရီးစဉ်အတွင်း နှစ်နိုင်ငံဝန်ကြီးချုပ်များသည် ပူးတွဲကြေညာချက် ၁၆ စောင်ကို လက်မှတ်ရေးထိုးခဲ့ကြပြီး၊ အထူးခြားဆုံးမှာ နှစ်နိုင်ငံဆက်ဆံရေးကို 'မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေး'အဆင့်သို့ မြှင့်တင်နိုင်ခဲ့ခြင်းဖြစ်သည်။ ၎င်းတွင် စီးပွားရေး၊ ကုန်သွယ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေး၊ လူထုအချင်းချင်းဆက်သွယ်မှု၊ သိပ္ပံ၊ ရာသီဥတုပြောင်းလဲမှုနှင့် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိမှု စသည့်ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများပါဝင်သည်။

ထို့ပြင် အဆိုပါ FTA အောက်တွင် အိန္ဒိယ၌ နယူးဇီလန်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုဆိုင်ရာလုပ်ငန်းစဉ်များကို မြန်ဆန်ချောမွေ့စေရန် Priority Desk တစ်ခုတည်ထောင်သွားမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် လာမည့် ၁ နှစ်မှ ၂ နှစ်အတွင်း နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းမှုများစတင်နိုင်ရန် လိုအပ်သောခွင့်ပြုချက်များအတွက် Air India နှင့် Air New Zealand လေကြောင်းလိုင်းတို့ ပူးပေါင်းလုပ်ဆောင်နေကြပြီဖြစ်ရာ စီးပွားရေးခရီးသွားများ၊ ကမ္ဘာလှည့်ခရီးသွားများနှင့် နယူးဇီလန်ရှိအိန္ဒိယနွယ်ဖွား ၃၅၀,၀၀၀ ခန့်အတွက် များစွာအကျိုးရှိစေမည်ဖြစ်သည်။

အရှေ့အလယ်ပိုင်းဒေသတွင်းတင်းမာမှုများကြောင့် လောင်စာဆီနှင့် မြေဩဇာဈေးနှုန်းများမြင့်တက်လာပြီး ကမ္ဘာ့စားသောက်ကုန်ထုတ်လုပ် မှုနှင့် သင်္ဘောသယ်ယူပို့ဆောင်ရေးစရိတ်စကများအပေါ် ဖိအားဖြစ်စေသော်လည်း၊ ယခု အိန္ဒိယ-နယူးဇီလန် FTA စာချုပ်သည် ကမ္ဘာ့မတည်ငြိမ်မှုများကြားတွင် ခိုင်မာသော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကိုတည်ဆောက်ရန်နှင့် စီးပွားရေးဆိုင်ရာသေချာရေရာမှုကို ပေးစွမ်းနိုင်ရန် ယန္တရားတစ်ခုဖြစ်လာမည်ဟု ဝန်ကြီးက အလေးအနက်ပြောကြားခဲ့သည်။ နောင်လာမည့် ပူးပေါင်းဆောင်ရွက်မှုအဆင့်များတွင် အရေးကြီးတွင်းထွက်ပစ္စည်းများ၊လုံခြုံရေး၊ အဆင့်မြင့်ကုန်ထုတ်လုပ်မှုနှင့် အာကာ သနည်းပညာကဏ္ဍများပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။

ယခုလွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်(FTA)အရ စတင်သက်ရောက်သည့် ပထမရက်မှစ၍ အိန္ဒိယမှ နယူးဇီလန်သို့တင်ပို့သော ကုန်စည်များ၊ ဝန်ဆောင်မှုများ၊ စိုက်ပျိုးရေးသုံးစက်ကိရိယာများ၊ မော်တော်ကားများနှင့် ဓာတုပစ္စည်းများသည် အခွန်လုံးဝကင်းလွတ်ခွင့်ရရှိမည်ဖြစ်သည်။

အလားတူ နယူးဇီလန်နိုင်ငံမှ အိန္ဒိယသို့တင်ပို့မည့် ကုန်စည်စုစုပေါင်း၏ ၉၅ ရာခိုင်နှုန်းအထိကိုလည်း လာမည့် ၇ နှစ်မှ ၈ နှစ်အတွင်း အခွန်ကင်းလွတ်ခွင့်ပြုခြင်း သို့မဟုတ် အခွန်နှုန်းထားများကို သိသိသာသာလျှော့ချပေးခြင်းများ အဆင့်လိုက်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source: The Economic Time: India-New Zealand FTA likely to enter into force by year-end: Minister Todd McClay

(ဖြူသဲနွယ်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News