International News

ထိုင်းပုစွန်လုပ်ငန်း၏ရေရှည်တည်တံ့သော နာလန်ထူမှုအတွက် စိန်ခေါ်မှုများနှင့် အမျိုးသားအဆင့် မဟာဗျူဟာသစ်များပြင်ဆင်လာမှု

Last Updated:

ထိုင်းနိုင်ငံ၏ ပို့ကုန်ကဏ္ဍတွင် တစ်ချိန်က အဓိကအသက်သွေးကြောဖြစ်ခဲ့သည့် ပုစွန်မွေးမြူ ထုတ်လုပ်ရေးလုပ်ငန်းသည် ပြီးခဲ့သည့်ဇွန်လ ၁ ရက်နေ့မှစတင်ကာ မလေးရှားနိုင်ငံက ထိုင်းပုစွန်တင်သွင်းမှုများကို ယာယီဆိုင်းငံ့လိုက်ပြီးနောက် အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍကြား အရေးပေါ်ဖြေရှင်းရမည့် အဓိကခေါင်းစဉ်တစ်ခုဖြစ်လာခဲ့သည်။ သို့သော်လည်း ဤကုန်သွယ်ရေးအငြင်းပွားမှုသည် မကြာသေးမီက ပြုလုပ်ခဲ့သော နှစ်နိုင်ငံဝန်ကြီးများ၏ ဆွေးနွေးမှုများအရ မကြာမီပြန်လည်ပြေလည်သွားနိုင်သော်လည်း၊ ထိုင်းပုစွန်လုပ်ငန်းသည် ဆယ်စုနှစ်တစ်ခုကျော်ကြာဖြစ်တည်နေသည့် ပိုမိုနက်ရှိုင်းသော အခြေခံတည်ဆောက်ပုံဆိုင်ရာ စိန်ခေါ်မှုကြီးများနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။

ထိုင်းပုစွန်အသင်း(Thai Shrimp Association)ဥက္ကဋ္ဌ Mr. Ekapoj Yodpinit ၏ပြောကြားချက်အရ ထိုင်းနိုင်ငံသည် ၂၀၁၀ ပြည့်နှစ် ရွှေခေတ်ကာလက တစ်နှစ်လျှင် ပုစွန်တန်ချိန်ပေါင်း ၆၄၀,၀၀၀ အထိထုတ်လုပ်နိုင်ခဲ့ပြီး ပို့ကုန်တန်ဖိုးဘတ် ၁၁၀ ဘီလီယံကျော်အထိရရှိကာ ကမ္ဘာ့အကြီးဆုံးပုစွန် ထုတ်လုပ်တင်ပို့သည့်နိုင်ငံဖြစ်ခဲ့ဖူးသည်။ သို့သော် လည်း ၂၀၁၂ ခုနှစ်တွင်ဖြစ်ပွားခဲ့သော ပုစွန်အသက်ငယ်စဉ်သေဆုံးသည့်ရောဂါ(EMS)အပါအဝင် အခြားမြစ်ချောင်းအဆိပ်သင့်ဘေးများနှင့် ရောဂါဘယများကြောင့် လုပ်ငန်းခွင်အတွင်း ကြီးမားသော ဆုံးရှုံးမှုများကြုံတွေ့ခဲ့ရပြီး၊ လက်ရှိတွင် တစ်နှစ်လျှင် ပုစွန်တန်ချိန် ၂၇၀,၀၀၀ မှ ၂၈၀,၀၀၀ ခန့်သာထုတ်လုပ်နိုင်ကာ ပို့ကုန်တန်ဖိုးမှာ ဘတ် ၄၀ ဘီလီယံ ဝန်းကျင်အထိကျဆင်းသွားခဲ့သည်။ ၂၀၂၅ ခုနှစ်တွင်ထွက်ရှိသည့် ပုစွန်များ၏ ၄၈ ရာခိုင်နှုန်းကို ပြည်ပသို့တင်ပို့ပြီး ကျန်ပမာဏကို ပြည်တွင်း ၌သာ စားသုံးခဲ့ကြသည်။

မလေးရှားနိုင်ငံ၏တင်သွင်းမှုဆိုင်းငံ့ခြင်းသည် ပြီးခဲ့သည့်မေလက ထိုင်းနိုင်ငံဘက်က မလေးရှားပင်လယ်ငါးများတွင် ဓာတုအကြွင်းအကျန်များပါဝင်မှုအပေါ် ကန့်သတ်ခဲ့ခြင်းကြောင့် တန်ပြန်အစီအမံအဖြစ် အစား အစာဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းများကို အကြောင်းပြကာ တားမြစ်ခဲ့ခြင်းဖြစ်သည်။ မလေးရှားသည် ထိုင်းပုစွန်ပို့ကုန်၏ ၁ ရာခိုင်နှုန်းခန့်သာရှိသဖြင့် ပမာဏနည်းပါးသော်လည်း၊ ကမ္ဘာ့စျေးကွက်ပြိုင်ဆိုင်မှုပြင်းထန်နေချိန်တွင် ဤပိတ်ဆို့မှုကြောင့် ကုန်သည်များ စျေးကွက်သစ်အလျင်အမြန်ရှာဖွေရခြင်းနှင့် လယ်သမားများ၏ပုစွန်စျေးနှုန်းတစ်ကီလို လျှင် ၅၀ မှ ၆၀ ဘတ်အထိထိုးကျသွားခြင်း စသည့်ကွင်းဆက်သက် ရောက်မှုများကိုကြုံတွေ့ခဲ့ရသည်။ ယခုအခါ စိုက်ပျိုးရေးနှင့် သမဝါယမ ဝန်ကြီး Mr. Suriya Juangroongruangkit နှင့်မလေးရှားစိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာလုံခြုံရေးဝန်ကြီးတို့ ဇူလိုင် ၁ ရက်က တွေ့ဆုံကာ သန့်ရှင်းရေးနှင့်ဓာတုစစ်ဆေးမှုလုပ်ငန်းစဉ်များကို အရှိန်မြှင့်ရန်သဘော တူညီခဲ့ကြပြီးဖြစ်ရာ၊ ရက်ပေါင်း ၃၀ အတွင်း ပုစွန်များပြန်လည်တင်ပို့နိုင်မည်ဟု မျှော်မှန်းထားသည်။

သို့သော်လည်း ပုစွန်လုပ်ငန်းရှင်များအတွက် အကြီးမားဆုံးသော ကုန်ကျစရိတ်မှာ ရောဂါဘယများ(ဖြူစက်ရောဂါ၊ EMS၊ ခေါင်းဝါရောဂါ) ကြောင့် ပုစွန်များဈေးကွက်မဝင်မီ သေဆုံးကုန်ခြင်းနှင့် ပြည်တွင်းရာသီဥတုဂေဟစနစ်နှင့်ကိုက်ညီပြီး ရောဂါဒဏ်ခံနိုင်သော ပုစွန်မျိုးစိတ်ရှား ပါးခြင်းတို့ဖြစ်သည်။ ဤပြဿနာကို ဖြေရှင်းရန်အတွက် ထိုင်းပုစွန်လုပ်ငန်းကဏ္ဍသည် အစိုးရထံမှ ဘတ် ၅.၅ ဘီလီယံခန့်တောင်းခံထားပြီး "အဏ္ဏဝါပုစွန်စက်မှုလုပ်ငန်းဆိုင်ရာ အမျိုးသားလှုပ်ရှားမှုစီမံကိန်းမူကြမ်း(၂၀၂၆-၂၀၃၀)"ကိုအကောင်အထည်ဖော်ရန် ပြင်ဆင်လျက်ရှိသည်။ ၎င်းစီမံကိန်းတွင် မွေးမြူရေးရေစီမံခန့်ခွဲမှု၊ မျိုးကောင်းမျိုးသန့်ထုတ်လုပ်မှု၊ နိုင်ငံတကာကုန်သွယ်မှုညှိနှိုင်းခြင်းနှင့် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုများအားကောင်းစေရန် ဘက်စုံလွှမ်းခြုံထားသည်။

ကိုးကား။ Bangkok Post

(ရည်မွန်လှိုင်၊ စီးပွားရေးသံမှူး၊ ဘန်ကောက်မြို့)

Category: International News