အိန္ဒိယနိုင်ငံ၏ တရားဝင်စာရင်းဇယားများအရ ယခုနှစ် ဇူလိုင် ၁၀ ရက်အထိ မိုးသီးနှံစိုက်ပျိုးရာသီတွင် စပါး၊ ပဲမျိုးစုံနှင့် ဆီထွက်သီးနှံစိုက်ပျိုးနိုင်မှုမှာ ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက အသီးသီး ၈.၆၃ ရာခိုင်နှုန်း၊ ၂၃.၃၂ ရာခိုင်နှုန်းနှင့် ၂၁.၀၁ ရာခိုင်နှုန်းအထိလျော့ကျသွားကြောင်း သိရသည်။ ယင်းသို့စိုက်ပျိုးမှုဧရိယာကျဆင်းသွားခြင်းကြောင့် စားသောက်ကုန်စျေးနှုန်းကြီးမြင့်လာမည့်အရေး စိုးရိမ်မှုများမြင့်တက်လာသော် လည်း စိုက်ပျိုးရေးဝန်ကြီး ရှစ်ဗ်ရာဂျ် ဆင်း ချောင်ဟန်ကမူ လာမည့် ရက်သတ္တပတ်အနည်းငယ်အတွင်း မိုးသီးနှံစိုက်ပျိုးမှုအခြေအနေ ပြန်လည်ကောင်းမွန်လာပြီး လက်ရှိကြုံတွေ့နေရသည့် လိုအပ်ချက်ကို အမီလိုက်နိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ကြောင်း သိရသည်။
ဇူလိုင်လတတိယပတ်အတွင်း ကျင်းပခဲ့သည့် အိန္ဒိယစိုက်ပျိုးရေးသုတေ သနကောင်စီ(ICAR)၏ တည်ထောင်ခြင်းနှစ်ပတ်လည်နေ့အခမ်းအနားတွင် ဝန်ကြီးချောင်ဟန်က ပြည်ပသွင်းကုန်အပေါ် အဓိကမှီခိုနေရဆဲဖြစ်သော ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍများတွင် ထုတ်လုပ်မှုစွမ်းအားပိုမိုမြင့်မားလာစေရေး အလေးထားဆောင်ရွက်ကြရန် နိုင်ငံ၏ထိပ်တန်းစိုက်ပျိုးရေးသုတေသနအဖွဲ့အစည်းဖြစ်သည့် ICAR ကို တိုက်တွန်းနှိုးဆော်ခဲ့ကြောင်းသိရသည်။ ၎င်းက ICAR ကို "အိန္ဒိယစိုက်ပျိုးရေးကဏ္ဍပြုပြင်ပြောင်းလဲမှု၏ ရှေ့ဆောင်လမ်းပြ"ဟု တင်စားပြောကြားခဲ့ပြီး၊ယင်းအဖွဲ့အစည်းအနေဖြင့် လွန်ခဲ့သောတစ်နှစ်အတွင်း သီးနှံမျိုးစိတ် ၄၄ မျိုးတွင် အဆင့်မြင့်မျိုးစိတ်သစ်ပေါင်း ၃၈၆ မျိုးကို တီထွင်ဖန်တီးနိုင်ခဲ့ကြောင်း ဝန်ကြီးက ထည့်သွင်းပြောကြားခဲ့သည်။ အဆိုပါမျိုးစိတ်သစ်များအနက် ၉၄ ရာခိုင်နှုန်းမှာ ရာသီဥတုဒဏ်ခံနိုင်ရည်ရှိပြီး ၂၉ မျိုးမှာ အာဟာရဓာတ်တိုးမြှင့်ဖြည့်စွက်ထားသောသီးနှံများဖြစ်ကြသည်။
"လယ်သမားတွေဟာ စိုက်ပျိုးရေးရဲ့နှလုံးသားဖြစ်ပြီး သုတေသနပညာရှင်တွေကတော့ ဦးနှောက်ပဲဖြစ်ပါတယ်"ဟု ဝန်ကြီး ချောင်ဟန်က ဆိုကာ စျေးကွက်လိုအပ်ချက်ကို ဦးတည်သော သုတေသနလုပ်ငန်းများဆောင်ရွက်ရန်၊ ရာသီဥတုဒဏ်ခံနိုင်သော စိုက်ပျိုးရေးစနစ်ကို ကျင့်သုံးရန်နှင့် ပဲမျိုးစုံနှင့်ဆီထွက်သီးနှံကဏ္ဍတွင် ကိုယ့်ကိုယ်ကိုယ်ဖူလုံမှုရှိစေရေးဆောင်ရွက်ကြရန် အလေးပေးပြောကြားခဲ့ကြောင်းသိရသည်။ ထို့ပြင် ဆည်ရေသောက်စနစ်သေချာစွာရရှိသော လယ်သမားများသည် စပါးနှင့်ဂျုံစိုက်ပျိုးမှုဘက်သို့ ကူးပြောင်းသွားလေ့ရှိသဖြင့် အဆိုပါပဲမျိုးစုံနှင့် ဆီထွက်သီးနှံကဏ္ဍများတွင် ပြည်ပမှ တင်သွင်းရမှု ပိုမိုများပြားလာရခြင်းဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ကျွမ်းကျင်သူများ၏သုံးသပ်ချက်အရ မိုးသီးနှံစိုက်ပျိုးမှုကျဆင်းပြီး စားသောက်ကုန်စျေးနှုန်းကြီးမြင့်လာရခြင်းမှာ အဓိကအချက်သုံးချက်ကြောင့်ဖြစ်သည်။ ပထမအချက်မှာ ဇွန်လအတွင်း မိုးခေါင်ပြီး မုတ်သုံ လေဝင်နောက်ကျသဖြင့် လယ်သမားများစိုက်ပျိုးမြေပြင်ဆင်ရန် မြေဆီ လွှာစိုစွတ်မှုမရရှိခဲ့ခြင်း ဖြစ်သည်။
ဒုတိယအချက်မှာ အိန္ဒိယနိုင်ငံမိုးသီးနှံစိုက်ပျိုးမြေ၏ ၆၀ ရာခိုင်နှုန်းခန့်မှာ မိုးရေကိုသာအားကိုးနေရသဖြင့် မဟာရဋ္ဌ၊ ကာနာတာကာ၊ ဂျာခန်နှင့် ချက်တစ်ဂါးစသည့်ပဲနှင့် ဆီထွက်သီးနှံအဓိကစိုက်ပျိုးရာ ပြည်နယ်များတွင် စိုက်ပျိုးမှုအပြင်းအထန်ထိခိုက်ခဲ့ရသည်။ နောက်ဆုံးအချက်မှာ မိုးရွာသွန်းမှုအားနည်းမှုကြောင့် အဓိကရေလှောင်တမံများတွင် ရေဝင်နည်းပါးသွားပြီး ဆည်ရေသောက်စနစ်ရှိသော ဒေသများတွင်ပင် ရေပေးဝေနိုင်မှုလျော့နည်းသွားခြင်းဖြစ်ကြောင်း သိရသည်။
ယင်းကဲ့သို့သောအခြေအနေများကြောင့် မိုးကောင်းလာမည့်အချိန်ကို စောင့်မျှော်ရင်း စိုက်ပျိုးချိန်ကိုဆိုင်းငံ့ထားကြသကဲ့သို့ အချို့သောလယ် သမားများမှာလည်း ဆုံးရှုံးမှုအနည်းဆုံးဖြစ်စေရန်အတွက် ပဲနှင့်ဆီထွက်သီးနှံများအစားသက်တမ်းတိုသော သို့မဟုတ် ခြောက်သွေ့ဒဏ်ခံနိုင်သောအခြားသီးနှံများကို ပြောင်းလဲစိုက်ပျိုးခဲ့ကြသည်။ယခုကဲ့သို့စိုက်ပျိုး မြေဧရိယာလျော့ကျသွားခြင်းသည် စိုက်ပျိုးရေးစျေးကွက်ကို လှုပ်ခတ်သွားစေခဲ့သည်။ သီးနှံအထွက်နှုန်းနည်းပါးတော့မည်ကို ကြိုတင်ခန့်မှန်းမိကြသဖြင့် ကုန်သည်အများစုမှာ လက်ဝယ်ရှိသိုလှောင်ထားသော ကုန်စည်များကို ထုတ်မရောင်းဘဲ ထိန်းထားကြသောကြောင့် လက်လီစျေးကွက်တွင် စားသောက်ကုန်စျေးနှုန်းများ သိသိသာသာမြင့်တက်လာလျက်ရှိကြောင်း သိရသည်။
Source: The Statesman: Pulses sowing drops by 23%, Chouhan asks ICAR to increase efforts to raise productivity
(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)