International News

အိန္ဒိယဝန်ကြီးချုပ်၏ နယူးဇီလန်ခရီးစဉ်အတွင်း အိန္ဒိယ-နယူးဇီလန်နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့

Last Updated:

နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon သည် အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ ခရီးစဉ်အတွင်း အိန္ဒိယနှင့် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ပြီး ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် ရည်ရွယ်ထားပါကြောင်း ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၁ ရက်နေ့တွင်  ပြောကြားခဲ့ပါသည်။

ကုန်သွယ်မှုတိုးတက်လာခြင်းဖြင့် နယူးဇီလန်တွင် အလုပ်အကိုင်အခွင့် အလမ်းသစ်များ ပိုမိုဖန်တီးပေးနိုင်မည်ဖြစ်ပြီး လုပ်ခလစာများကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ကြောင်း နယူးဇီလန်ဝန်ကြီးချုပ်က ၎င်း၏ Twitter လူမှုကွန်ရက်တွင် ရေးသားခဲ့ပါသည်။

အိန္ဒိယနှင့် နယူးဇီလန်တို့သည် ၎င်းတို့၏ လွတ်လပ်သောကုန်သွယ်မှုသဘောတူညီချက်ကို အခြေခံသည့် သဘောတူညီချက်အသစ်ကို သဘောတူညီခဲ့ကြပါကြောင်း၊ အိန္ဒိယဝန်ကြီးချုပ် Narendra Modi နယူးဇီလန်ကို ရောက်ရှိနေချိန်တွင် ၎င်းတို့အနေဖြင့် ၂၀၃၀ ပြည့်နှစ်တွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုကို နှစ်ဆတိုးမြှင့်ရန် အစီအစဉ်နဲ့အတူ နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ် မြှင့်တင်ခဲ့ပါကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့ပါသည်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi ၏ ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသီးသန့်တွေ့ဆုံဆွေးနွေးခြင်းနှင့် ကိုယ်စားလှယ်အဆင့်တွေ့ဆုံဆွေးနွေးခြင်း စသည့်ကျယ်ပြန့်သော နှစ်နိုင်ငံဆွေးနွေးပွဲများပြုလုပ်ခဲ့ကြပြီး အဆိုပါဆွေးနွေးပွဲများတွင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု၊ ကာကွယ်ရေးနှင့် လုံခြုံရေး၊ စိုက်ပျိုးရေးနည်းပညာ၊ အားကစား၊ ပညာ ရေး၊ယဉ်ကျေးမှုနှင့်ပြည်သူအချင်းချင်းထိတွေ့ဆက်ဆံရေးစသည့်ကဏ္ဍ များကိုလွှမ်းခြုံပါဝင်လျက်ရှိကြောင်းဖော်ပြထားပါသည်။ ထို့ပြင် အိန္ဒိယ -နယူးဇီလန်ဆက်ဆံရေးတွင် အခန်းကဏ္ဍသစ်တစ်ခုကို အမှတ်အသားပြုသည့် မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဆင့်သို့ နှစ်နိုင်ငံဆက်ဆံရေးကို မြှင့်တင်ရန်သဘောတူညီခဲ့ပါကြောင်းနှင့် အပြန်အလှန်အကျိုးစီးပွားရှိသောနယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအလေးထားဆောင်ရွက်ရန် ကတိကဝတ်ကို ထပ်မံအတည်ပြုခဲ့ပါကြောင်း ဖော်ပြထားပါသည်။

ဆွေးနွေးပွဲအပြီးတွင် ဝန်ကြီးချုပ်နှစ်ဦးသည် ကာကွယ်ရေးနှင့် ရေကြောင်း လုံခြုံရေး၊ ရေပြင် ပုံဆွဲမှတ်တမ်းပြုသည့်ပညာရပ်(Hydro graphy)၊အားကစား၊ ဘေးအန္တရာယ်စီမံခန့်ခွဲမှု၊ နို့ထွက်ပစ္စည်း၊ ခရီးသွား လုပ်ငန်း၊ ရေကြောင်းအမွေအနှစ်၊ ယဉ်ကျေးမှု၊ အစားအစာနည်းပညာနှင့်သမုဒ္ဒရာသုတေသနစသည့်နယ်ပယ်များတွင် နားလည်မှုစာချွန်လွှာ (MoU)များရေးထိုးခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်တွင် နယူးဇီလန်ဝန်ကြီးချုပ် Christopher Luxon ၏ အိန္ဒိယခရီးစဉ်သည် နှစ်နိုင်ငံမိတ်ဖက်ဆက်ဆံရေးကို အားဖြည့်ပေးခဲ့ပြီး ယခု ၎င်း၏ခရီးစဉ်သည် အိန္ဒိယ-နယူးဇီလန်ချစ်ကြည်ရင်းနှီးမှုကို ဆယ်စုနှစ်(၄)ခုအတွင်း ပထမဆုံးသောခရီးစဉ်အဖြစ် အရှိန်အဟုန်မြှင့်တင်ပေးခဲ့ပါကြောင်း၊ ၎င်းတို့အနေဖြင့် ကဏ္ဍတိုင်းတွင် ရှင်းလင်းသော ရည်မှန်းချက်၊ ခိုင်မာသည့်ရလဒ်များနှင့် ရှေ့ဆက်သွားမည်ဖြစ်ကြောင်း  အိန္ဒိယဝန်ကြီးချုပ် က ပြောကြားခဲ့ပါသည်။

Source: 'Agreed upon new deal that builds on FTA': New Zealand PM hails PM Modi's visit: The Economic Times: July 12, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News