အိန္ဒိယဗဟိုအစိုးရသည် လက်ရှိရင်ဆိုင်နေရသော ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကြားတွင် ပို့ကုန်တင်ပို့သူများအား အထောက်အကူပြုရန်အတွက် စုစုပေါင်း ရူပီး ၄၅,၀၀၀ ကုဋေတန်ဖိုးရှိ အစီအစဉ်များကို နိုဝင်ဘာလ ၁၂ ရက်နေ့တွင် အတည်ပြုလိုက်ကြောင်း NDTV Profit သတင်းဌာနက ယခုလ ၁၂ ရက်နေ့က ဖော်ပြသည်။
အဆိုပါအစီအစဉ်များတွင် အစိုးရက သားရေ၊ကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာကဲ့သို့သော ကဏ္ဍများအား ဦးစားပေးအဖြစ်သတ်မှတ်ကာ ရူပီး ၂၅,၀၀၀ ကုဋေတန်ဖိုးရှိ အများက မျှော်လင့်နေသော ပို့ကုန်မြှင့်တင်ရေးမစ်ရှင်(Export Promotion Mission)ပါဝင်ကြောင်း သိရသည်။
ထို့အပြင် ဗဟိုအစိုးရအဖွဲ့သည် စုစုပေါင်း ရူပီး ၂၀,၀၀၀ ကုဋေအကုန် အကျခံမည့် ပို့ကုန်တင်ပို့သူများအတွက် ချေးငွေအာမခံအစီအစဉ် (Credit Guarantee Scheme for Exporters)ကို တိုးချဲ့ရန်လည်း အတည်ပြုခဲ့ကြောင်း သိရသည်။
ပို့ကုန်မြှင့်တင်ရေးမစ်ရှင်၏ အသေးစိတ်အစီအစဉ်များ ထုတ်ပြန်
အစိုးရက ပို့ကုန်များအတွက် "အဓိကဦးဆောင်မှုအစီအစဉ်" ဟုခေါ်ဝေါ်သောပို့ကုန်မြှင့်တင်ရေးမစ်ရှင်(EPM)သည် အမျိုးမျိုးအဖုံဖုံကွဲပြားလျက်ရှိသော အစီအစဉ်များမှ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေးစိန်ခေါ်မှုများနှင့် ပြောင်းလဲနေသော ပို့ကုန်လုပ်ငန်းရှင်များ၏ လိုအပ်ချက်များကို လျင်မြန်စွာ တုံ့ပြန်နိုင်သည့် "ရလဒ်အခြေခံသော၊ လိုက်လျောညီထွေရှိသော တစ်ခုတည်းသောယန္တရား" ဆီသို့ မဟာဗျူဟာမြောက်ပြောင်းလဲမှုတစ်ခုကို အမှတ်အသားပြုမည်ဟု ပြောကြားခဲ့သည်။ အဆိုပါအစီ အစဉ်ကို ၂၀၂၆ ဘဏ္ဍာနှစ်မှ ၂၀၃၁ ဘဏ္ဍာနှစ်အထိကာလအတွက် အတည်ပြုခဲ့ကြောင်း သိရသည်။
ဗဟိုအစိုးရအဖွဲ့အစည်းအဝေးအပြီး ထုတ်ပြန်သည့် ကြေညာချက်တွင် "EPM သည် အတိုးနှုန်းညီမျှရေးအစီအစဉ်(Interest Equalisation Scheme-IES)နှင့် ဈေးကွက်ဝင်ရောက်ခွင့်အစီအစဉ်(Market Access Initiative-MAI)ကဲ့သို့သော အဓိကပို့ကုန်ထောက်ပံ့ရေးအစီအစဉ်များကို ခေတ်မီကုန်သွယ်မှု လိုအပ်ချက်များနှင့်အညီ ပေါင်းစည်းထားသည်" ဟု ဖော်ပြထားသည်။
အဆိုပါမစ်ရှင်ကို Niryat Protsahan နှင့် Niryat Disha ဟူ၍ ပေါင်းစပ်ထားသော အစီအစဉ်ခွဲနှစ်ခုဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ပထမအစီအစဉ်ခွဲသည် အတိုးထောက်ပံ့ငွေ၊ ပို့ကုန်ဆိုင်ရာ ငွေတောင်းခံလွှာရောင်းချခြင်း၊ အပေါင်ပစ္စည်းအာမခံချက်များ၊ အီလက်ထရောနစ်ကုန်သွယ်မှုဆိုင်ရာ ပို့ကုန်လုပ်ငန်းရှင်များအတွက် ခရက်ဒစ်ကတ်များနှင့် ဈေးကွက်သစ်များသို့ ကွဲပြားအောင်ဆောင်ရွက်မှုအတွက် ချေးငွေတိုးမြှင့်ထောက်ပံ့မှုစသည့်ကိရိယာမျိုးစုံမှတစ်ဆင့် "အသေးစား၊ အငယ် စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ(MSMEs)အတွက် တတ်နိုင်သောကုန်သွယ်မှုဆိုင်ရာဘဏ္ဍာငွေကို ပိုမိုရရှိစေရန်" အာရုံစိုက်မည်ကြောင်း သိရသည်။
အခြားတစ်ဖက်တွင်မူ Niryat Disha အစီအစဉ်သည် ပို့ကုန်အရည် အသွေးနှင့် လိုက်နာမှုဆိုင်ရာအထောက်အပံ့၊နိုင်ငံတကာအမှတ်တံဆိပ်၊ ထုပ်ပိုးမှုနှင့် ကုန်စည်ပြပွဲများတွင် ပါဝင်မှုတို့အပါအဝင် "ဈေးကွက်အတွက်အသင့်ဖြစ်မှုနှင့် ယှဉ်ပြိုင်နိုင်စွမ်းကိုမြှင့်တင်ပေးသည့်" ငွေကြေး မဟုတ်သော အထောက်အကူပြုအချက်များအပေါ် အာရုံစိုက်မည်ကြောင်း သိရသည်။
အဆိုပါအစီအစဉ်အောက်တွင် အစိုးရသည် "ပို့ကုန်ဆိုင်ရာ သိုလှောင်ရုံများနှင့်ထောက်ပံ့ပို့ဆောင်ရေး၊ ပြည်တွင်းသယ်ယူပို့ဆောင်ခပြန်လည်ပေးချေမှုများနှင့် ကုန်သွယ်မှုဆိုင်ရာ ထောက်လှမ်းရေးနှင့် စွမ်းရည်မြှင့်တင်ရေးအစီအစဉ်များ" အတွက်လည်း အထောက်အပံ့များ ပေးအပ်သွားမည်ဖြစ်ကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖြည့်စွက်ဖော်ပြထား သည်။
နိုင်ငံခြားကုန်သွယ်မှုညွှန်ကြားမှုဦးစီးဌာန(DGFT)သည် အဆိုပါအစီ အစဉ်ကိုအကောင်အထည်ဖော်ဆောင်ရွက်သည့်ဌာနအဖြစ် ဆောင်ရွက် မည်ဖြစ်ပြီး၊လျှောက်လွှာတင်သွင်းခြင်းမှ ငွေထုတ်ပေးခြင်းအထိလုပ်ငန်း စဉ်အားလုံးကို လက်ရှိကုန်သွယ်မှုစနစ်များနှင့် ပေါင်းစပ်ထားသော သီးသန့်ဒစ်ဂျစ်တယ်စနစ်မှတစ်ဆင့် စီမံခန့်ခွဲသွားမည်ကြောင်းသိရသည်။
အဆိုပါမစ်ရှင်သည် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် တတ်နိုင်သော ကုန်သွယ်မှုဆိုင်ရာ ဘဏ္ဍာငွေကို ရရှိစေရန်၊ အိန္ဒိယထုတ်ကုန်များအတွက် ဈေးကွက်ဝင်ရောက်ခွင့်နှင့် မြင်သာမှုကို မြှင့်တင်ရန်၊ သမားရိုးကျမဟုတ်သော ခရိုင်များနှင့် ကဏ္ဍများမှ ပို့ကုန်များကို မြှင့်တင်ရန်နှင့် ထုတ်လုပ်မှုကဏ္ဍ၊ ထောက်ပံ့ပို့ဆောင်ရေးနှင့် ဆက်စပ်ဝန်ဆောင်မှုများတစ်လျှောက် အလုပ်အကိုင်များဖန်တီးပေးရန် မျှော်မှန်းထားကြောင်း အစိုးရက မှတ်ချက်ပြုခဲ့သည်။
အမေရိကန်၏ အခွန်မူဝါဒများကြောင့် အိန္ဒိယ၏ပို့ကုန်ကဏ္ဍ ထိခိုက်မှုများ
အိန္ဒိယတင်ပို့သူများအတွက် အဆိုပါအစီအစဉ်နှစ်ခုထွက်ပေါ်လာခြင်းသည် အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်၏ သွင်းကုန်အခွန်မူဝါဒများကြောင့် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုမရေရာမှုများဖြစ်ပေါ်နေချိန်နှင့် တိုက်ဆိုင်လျက်ရှိကြောင်း တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံသည် အဆိုးရွားဆုံး ထိခိုက်ခံရသည့်နိုင်ငံများအနက် တစ်ခုအပါအဝင်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုသို့ တင်ပို့သော ၎င်း၏ ပို့ကုန်များသည် ၅၀ ရာခိုင်နှုန်းအထိ မြင့်မားသော အကောက်ခွန်များကျသင့်နေကြောင်း သိရသည်။
ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သော တရားဝင်အချက်အလက်များအရ အမေရိကန်ပြည်ထောင်စု၏ အကောက်ခွန်စည်းမျဉ်းများသည် အထည် အလိပ်၊ ကျောက်မျက်ရတနာနှင့်လက်ဝတ်ရတနာများနှင့် ရေထွက်ကုန် များကဲ့သို့သောအဓိကကဏ္ဍများကို စတင်ထိခိုက်လာသည်နှင့်အမျှ ပြီးခဲ့သည့်စက်တင်ဘာလတွင် အိန္ဒိယနိုင်ငံ၏ ကုန်ပစ္စည်းတင်ပို့မှုသည် နှစ်လဆက်တိုက်ကျဆင်းခဲ့ကြောင်း တွေ့ရှိရသည်။
အမေရိကန်ပြည်ထောင်စုသို့တင်ပို့သည့် ပို့ကုန်တန်ဖိုးသည် သြဂုတ်လတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၈၇ ဘီလီယံရှိခဲ့ရာမှ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄၃ ဘီလီယံသို့ ကျဆင်းသွားခဲ့ပြီး တစ်လအတွင်း ၂၁ ရာခိုင်နှုန်းနီးပါးကျဆင်းမှုကို ပြသခဲ့သည်။ သို့သော် အမေရိကန်ပြည်ထောင်စုမှ သွင်းကုန်များမှာမူ အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၉၈ ဘီလီယံသို့ တိုးမြင့်လာခဲ့ကြောင်း သိရသည်။
သို့ပါ၍ အိန္ဒိယအစိုးရအနေဖြင့် ကမ္ဘာလုံးဆိုင်ရာ မသေချာမှုများ၊ ပထဝီနိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာခြိမ်းခြောက်မှုများ တိုးမြင့်လာချိန်တွင် ၎င်း၏ ပို့ကုန်လုပ်ငန်းများအတွက် အထူးသဖြင့် MSMEs လုပ်ငန်းရှင်များအတွက် လိုအပ်သော အကူအညီအထောက်အပံ့များပေးအပ်နိုင်ရန် ပို့ကုန်မြှင့်တင်ရေး မစ်ရှင်(Export Promotion Mission)အတွက် ရူပီး ၂၅,၀၀၀ ကုဋေအထိအသုံးစရိတ်များသုံးစွဲသွားရန် အတည်ပြုလိုက်ခြင်း ဖြစ်ပါသည်။
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)