International News

ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် ၂၀၂၅ ခုနှစ်၊ ၉ လအတွင်း ကန်ဒေါ်လာ ၁၀၁ ဒသမ ၇ ဘီလီယံရှိ

Last Updated:

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း ရုရှား၏ နိုင်ငံခြားကုန်သွယ်မှုပိုငွေသည် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၇ ဘီလီယံရရှိခဲ့ပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၁ ဒသမ ၀၂ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ရုရှားဖက်ဒရယ်အကောက်ခွန်ဝန်ဆောင်မှုဌာန (Federal Customs Service - FCS) ၏အချက်အလက်များအရ သိရှိရသည်။

အစီရင်ခံကာလအတွင်း ပို့ကုန်ပမာဏသည် တန်ဖိုးအမေရိကန်ဒေါ်လာ ၃၀၂ ဒသမ ၈ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၁၄ ဒသမ ၇ ဘီလီယံသို့ကျဆင်းခဲ့သည်။ သွင်းကုန်ပမာဏသည် တန်ဖိုးဒေါ်လာ ၂၀၁ ဒသမ ၁ ဘီလီယံရှိခဲ့ပြီး ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၂ ဒသမ ၃ ဘီလီယံ ကျဆင်းခဲ့သည်။ယင်းကြောင့် ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုပမာဏသည် ဒေါ်လာ ၅၀၃ ဒသမ ၉ ဘီလီယံ ရှိခဲ့ပြီး ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၂၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

ရုရှားမှ ဥရောပနိုင်ငံများသို့ တင်ပို့မှုသည် တန်ဖိုးဒေါ်လာ ၄၂ ဒသမ ၂ ဘီလီယံရှိကာ ၁၅ ဒသမ ၇ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ဥရောပနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၅၁ ဒသမ ၅ ဘီလီယံရှိကာ ၅ ရာခိုင်နှုန်းကျဆင်းခဲ့သည်။ အာရှနိုင်ငံများသို့ တင်ပို့မှုသည် ဒေါ်လာ ၂၃၅ ဒသမ ၁ ဘီလီယံရှိကာ ၁ ဒသမ ၉ ရာခိုင်နှုန်းကျဆင်းလာခဲ့ပြီး တင်သွင်းမှုသည် ဒေါ်လာ ၁၃၄ ဒသမ ၃ ဘီလီယံရှိကာ ၀.၉ ရာခိုင်နှုန်းကျဆင်းခဲ့သည်။

တစ်ချိန်တည်းတွင် ရုရှား၏အာဖရိကနိုင်ငံများသို့ တင်ပို့မှုမှာ ဒေါ်လာ ၁၅ ဒသမ ၉ ဘီလီယံရှိကာ ၁၃ ဒသမ ၄ ရာခိုင်နှုန်းကျဆင်းလာခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုမှာ ဒေါ်လာ ၃ ဒသမ ၃ ဘီလီယံရှိကာ ၃၂ ဒသမ ၂ ရာခိုင်နှုန်းတိုးတက်ခဲ့သည်။ မြောက်နှင့် တောင်အမေရိကနိုင်ငံများသို့ ရုရှားတင်ပို့မှုသည် ဒေါ်လာ ၉ ဒသမ ၃ ဘီလီယံရှိကာ ၁.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ယင်းနိုင်ငံများမှ တင်သွင်းမှုသည် ဒေါ်လာ ၁၁ ဒသမ ၈ ဘီလီယံရှိကာ ၁၂ ဒသမ ၉ ရာခိုင်နှုန်းမြင့်တက်ခဲ့သည်။

ရုရှား၏အဓိကပို့ကုန်မှာ တွင်းထွက်ပစ္စည်း၊ သတ္တုနှင့် သတ္တုထုတ်ကုန်၊ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်ပြီး အဓိကသွင်းကုန်မှာ စက်ယန္တရား၊ စက် ကိရိယာ၊ မော်တော်ယာဉ်များ၊ ဓာတုဗေဒစက်မှုလုပ်ငန်းသုံးထုတ်ကုန်များ၊ စိုက်ပျိုးရေးထုတ်ကုန်များဖြစ်သည်။

၂၀၂၄ ခုနှစ်တွင် ရုရှားနိုင်ငံ၏ နိုင်ငံခြားကုန်သွယ်မှုတွင် ပို့ကုန်ပမာဏသည် တန်ဖိုး အမေရိကန် ဒေါ်လာ ၄၃၃ ဒသမ ၉ ဘီလီယံရှိခဲ့ပြီး သွင်းကုန်သည် ဒေါ်လာ ၂၈၃ ဘီလီယံရှိခဲ့သဖြင့် ကုန်သွယ်မှုပိုငွေသည် ၁၅၀ ဒသမ ၉ ဘီလီယံအထိရရှိခဲ့ကြောင်း သိရသည်။

FCS ၏အချက်အလက်များအရ ရုရှားနိုင်ငံ၏ ဥရောပနိုင်ငံများနှင့် ကုန်သွယ်မှုပမာဏသည် သိသာစွာကျဆင်းလျက်ရှိပြီး အာရှနိုင်ငံများနှင့် ကုန်သွယ်မှုသည် တိုးတက်လျက်ရှိကြောင်း သိရသည်။

Source :        https://www.kommersant.ru/doc/8193436

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News