၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ၉ လတာကာလအတွင်း ရုရှားနိုင်ငံ၏ ဝိုင်တင်သွင်းမှုပမာဏသည် ပြီးခဲ့သည့်နှစ်အလား တူကာလနှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့် ကျဆင်းသွားကြောင်း ရုရှားဒုတိယဝန်ကြီးချုပ် Mr. Dmitry Patrushev က ရုရှားဝိုင်ထုတ်လုပ်ရေးဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် ပြောကြားခဲ့သည်။
ပြည်တွင်းစပျစ်စိုက်ပျိုးခြင်းနှင့် စပျစ်ဝိုင်ထုတ်လုပ်ခြင်းကို ကျယ်ပြန့်စွာပံ့ပိုးရန်ဆောင်ရွက်ခြင်း၊ ပြည်ပမှ ဝိုင်ထွက်ပစ္စည်းများကို လုံးဝစွန့်လွှတ်ခြင်းနှင့် ဝိုင်တင်သွင်းမှုကျဆင်းခြင်းသည် အစိုးရမှ စတင်အကောင် အထည်ဖော်ခဲ့သည့် စည်းမျဉ်းစည်းကမ်းဆိုင်ရာ အစီအမံများ၏ ရလဒ်တစ်ခုဖြစ်လာပြီး ယခုနှစ်ဝိုင်တင်သွင်းမှုသည် ပြီးခဲ့သည့်နှစ်နှင့်နှိုင်းယှဉ်ပါက သုံးပုံတစ်ပုံခန့်ကျဆင်းသွားကြောင်း ၎င်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ် ဇန်နဝါရီလမှစ၍ ပြည်တွင်းထုတ်ကုန်များ၏ ဈေးကွက်ဝေစုပမာဏသည် စတင်ကြီးထွားလာခဲ့ပြီး ၅၈ ရာခိုင်နှုန်းမှ ၆၃ ရာခိုင် နှုန်းအထိတိုးတက်လာခဲ့ကြောင်း၊ နိုင်ငံ၏ဘုံရည်မှန်းချက်မှာ ပြည်တွင်းထုတ်ဝိုင်များစျေးကွက်မြှင့်တင်ရေးကို စနစ်တကျဆောင်ရွက်ရန်ဖြစ်ကြောင်း ၎င်းက မှတ်ချက်ပြုခဲ့သည်။
ပထမဆုံးအနေဖြင့် ပြည်တွင်းထုတ်ဝိုင်များ၏ အမျိုးအစားစုံလင်မှု ပိုမိုများပြားလာရန်လိုအပ်ပြီး နိုင်ငံသားများအနေဖြင့် ရွေးချယ်စရာများ ပိုမိုရရှိစေမည်ဖြစ်ကြောင်း၊ လက်ရှိတွင် လက်လီလက်ကား ရောင်းဝယ်ရေးနှင့်အများပြည်သူဆိုင်ရာစားသောက်ကုန်လုပ်ငန်းများ၌ ဝိုင်အမျိုးအစား များတည်ငြိမ်စွာချဲ့ထွင်လာခြင်းသည် အားရစရာကောင်းသော အချက်တစ်ခုဖြစ်ကြောင်း ဒုတိယဝန်ကြီးချုပ်က ထပ်လောင်းပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ နှစ်စဉ်ဝိုင်တင်သွင်းမှုပမာဏသည် တန်ဖိုး အမေရိကန်ဒေါ်လာ ၉၀၀ သန်းခန့်ရှိပြီး ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၈၁၉ ဒသမ ၈၉ သန်းတင်သွင်းခဲ့သည်။ ရုရှားနိုင်ငံသို့ အဓိကတင်ပို့ခဲ့သော နိုင်ငံများမှာ အီတလီ(၂၄၉ ဒသမ ၆၃ သန်း)၊ ဂျော်ဂျီယာ(၁၈၂ ဒသမ ၆၁ သန်း)၊ လတ်ဗီးယား(၁၃၁ ဒသမ ၂၈ သန်း)၊ ပိုလန်(၆၃ ဒသမ ၅၁ သန်း)၊ ပေါ်တူဂီ(၃၅ ဒသမ ၃၃ သန်း)နှင့် ဂျာမနီ (၃၂ ဒသမ ၇၇ သန်း) စသည့်နိုင်ငံများဖြစ်ပါသည်။
Source : https://www.interfax.ru/russia/1057777
(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)