တရုတ်ရင်းနှီးမြှုပ်နှံသူများသည် အင်ဒိုနီးရှားနိုင်ငံတွင် စားအုန်းဆီစက်မှုလုပ်ငန်းများ၌ အမေရိကန်ဒေါ်လာ ၉ ဘီလီယံရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားလျက်ရှိကြောင်း အင်ဒိုနီးရှားစားအုန်းဆီကောင်စီ(The Indonesian Palm Oil Council)က ထုတ်ဖော်ပြောကြားခဲ့ပါသည်။
အင်ဒိုနီးရှားစားအုန်းဆီကောင်စီဥက္ကဋ္ဌ Sahat Sinaga က “တရုတ်ရင်းနှီးမြှုပ်နှံသူ များသည် ဆီအုန်းမှစားအုန်းဆီအဖြစ်ထုတ်လုပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုကြောင်း ၎င်းထံသို့ ဆက်သွယ်လာကြောင်း၊ စားအုန်းဆီထုတ်လုပ်ရန်အတွက် ပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် နည်းပညာများကို အသုံးပြုမည်ဖြစ်ကြောင်း၊ လက်ရှိတွင် စားအုန်းဆီထုတ်လုပ်မှုလုပ်ငန်းတွင် အသုံးပြုနေသည့်နည်းပညာမှာ ခေတ်နောက်ကျနေပြီး ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုမြင့်မားနေကြောင်း၊ နည်းပညာအသစ်ကိုအသုံးပြုရန် မိမိအနေဖြင့် အဆိုပြုခဲ့ပြီး တရုတ်နိုင်ငံကလည်း စိတ်ဝင်စားမှုရှိကြောင်း၊ အင်ဒိုနီးရှားနိုင်ငံရှိ အသေးစားဆီအုန်းစိုက်ပျိုးထုတ်လုပ်သူများကို အကူအညီပေးရန်အတွက် ဒေါ်လာဘီလီယံများစွာကို ယူဆောင်လာရန်အသင့်ဖြစ်နေကြောင်း” ဂျာကာတာမြို့တွင်ပြုလုပ်ခဲ့သည့် “Palm Oil Expo Indonesia(Palmex)2025”၏ဖွင့်ပွဲအခမ်းအနားတွင် ပြောကြားခဲ့ပါ သည်။
အမေရိကန်ဒေါ်လာ ၉ ဘီလီယံရင်းနှီးမြှုပ်နှံမည့်ကိစ္စမှာ ၂၀၂၆ ခုနှစ်မှစ၍ လာမည့် ၇နှစ်အတွင်း ဆောင်ရွက်ရန်စီစဉ်ထားကြောင်း၊ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေသည် ဆီအုန်း အခိုင်များမှ စားအုန်းဆီထုတ်လုပ်သည့်စက်ပစ္စည်းများ ပိုမိုကောင်းမွန်လာစေရေးကို အဓိကထားမည်ဖြစ်ကြောင်း ဥက္ကဋ္ဌ Sahat Sinaga အရ သိရှိရပါသည်။
“လုပ်ငန်းငယ်များအနေဖြင့် ဆီအုန်းအခိုင်များကို အခိုင်လိုက်ရောင်းချခြင်းအပြင် ပတ်ဝန်းကျင်နှင့်ကိုက်ညီသည့် နည်းပညာများအသုံးပြုခြင်းဖြင့် ကာဗွန်ထုတ်လွှတ်မှုလျှော့ချနိုင်သည့် ရောင်းချမှုများမှတစ်ဆင့် အကျိုးအမြတ်များရရှိနိုင်မည်ဖြစ် ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများဝင်ရောက်လာနိုင်မှုမှာ အစိုးရ၏ နိုင်ငံခြားသားလုပ်ငန်းရှင်ကို ကာဗွန်ထုတ်လွှတ်မှုရောင်းချရန်လိုင်စင်ထုတ်ပေးခြင်းအပေါ်တွင် မူတည် ကြောင်း၊ ကာဗွန်ရောင်းချရန်အတွက် ခွင့်ပြုချက်ရရှိထားသည့် အဖွဲ့အစည်း သို့မဟုတ် ကုမ္ပဏီမရှိသေးကြောင်း” ဥက္ကဋ္ဌ Sahat Sinaga က ပြောကြားခဲ့ပါ သည်။
အင်ဒိုနီးရှားစာရင်းအင်းဌာန၏ အချက်အလက်များအရ စားအုန်းဆီကြမ်းနှင့် ဆီအုန်းကဏ္ဍ ဆက်စပ်ကုန်စည်များတင်ပို့မှုမှာ ၂၀၂၅ ခုနှစ်၊ မတ်လတွင် အမေရိကန်ဒေါ်လာ ၂.၁၉ ဘီလီယံရှိပြီး ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက ၃.၅၅ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။ နှစ်အလိုက်အချက်အလက်များအရ ၂၀၂၄ ခုနှစ်၊ မတ်လတွင် အမေရိကန်ဒေါ်လာ ၁.၅၆ဘီလီယံရရှိခဲ့သည့်အတွက် ယင်းနှင့်နှိုင်းယှဉ် ပါက ၂၀၂၅ ခုနှစ် မတ်လတွင် ၄၀.၈၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။
ရင်းမြစ်။ Indonesian Palm Oil Association
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)