International News

အယ်နီညို(El Niño)၏ရိုက်ခတ်မှုကြောင့် အိန္ဒိယတွင် ခရစ်ဖ်(Kharif) မိုးရာသီသီးနှံစိုက်ပျိုးမှု နှောင့်နှေးကြန့်ကြာနေ

Last Updated:

အိန္ဒိယနိုင်ငံတွင် အယ်လ်နီညိုရာသီဥတုဖြစ်ပွားမှုကြောင့် မိုးရွာသွန်းမှုအပေါ် စိုးရိမ်ပူပန်မှုများမြင့်တက်နေပြီး ယခုနှစ် ခရစ်ဖ်မိုးရာသီသီးနှံစိုက်ပျိုးမှုမှာ စတင်ကတည်းက ပုံမှန်ထက် နှေးကွေးနေကြောင်းသိရသည်။ အိန္ဒိယနိုင်ငံ စိုက်ပျိုးရေးနှင့် တောင်သူလယ်သမားသက်သာ ချောင်ချိရေးဝန်ကြီးဌာန၏ထုတ်ပြန်ချက်အရ ၂၀၂၆ ခုနှစ် ဇွန်လ ၅ ရက်နေ့အထိ တောင်သူများစိုက်ပျိုးပြီးစီးသည့် မြေဧရိယာမှာ ဟက်တာ ၇.၂၅ သန်းရှိပြီး ယခင်နှစ်ကာလတူနှင့်နှိုင်းယှဉ်ပါက ဟက်တာ ၂ သိန်းခန့်လျော့နည်းနေကြောင်းသိရသည်။အမေရိကန်အမျိုးသားသမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲမှုအဖွဲ့က ဇွန်လ ၁၁ ရက်နေ့တွင် အယ်လ်နီညိုဖြစ်စဉ်စတင်နေပြီဖြစ်ကြောင်း တရားဝင်ကြေညာခဲ့ခြင်းကြောင့် စိုက်ပျိုးရေးအတွက်အရေးပါသည့်အနောက်တောင်မုတ်သုံလေစောစီးစွာဝင်ရောက် မှုကို အဟန့်အတားဖြစ်စေနိုင်သည်ဟု သုံးသပ်နေကြောင်းသိရသည်။

အိန္ဒိယမိုးလေဝသဌာန၏ မေလ ၂၉ ရက်ထုတ် ရေရှည်ခန့်မှန်းချက်တွင်လည်း ယခုနှစ် မိုးရေချိန်သည် ရေရှည်ပျမ်းမျှမိုးရေချိန်၏ ၉၀ ရာခိုင်နှုန်းသာရှိနိုင်ပြီး မိုးခေါင်ရေရှားဖြစ်နိုင်ခြေ ၆၀ ရာခိုင်နှုန်းအထိရှိကြောင်း သတိပေးထားသည်။ လက်ရှိတွင် မေလ ၂၈ ရက်မှ ဇွန်လ ၃ ရက်အထိ အပတ်စဉ်မိုးရေချိန်မှာ ပျမ်းမျှအောက် ၁၀ ရာခိုင်နှုန်းလျော့နည်းခဲ့သဖြင့် တောင်သူများအတွက် လိုအပ်သော ရေပမာဏမရရှိသေးကြောင်းသိရသည်။ အဆိုပါအခြေအနေကြောင့် ဝန်ကြီးဌာနက အယ်လ်နီညိုဒဏ်ခံရနိုင်ခြေရှိသည့် ခရိုင်ပေါင်း ၂၀၀ ခန့်ကို အနီရောင်အဆင့်သတ်မှတ်ကာ စောင့်ကြည့်လျက်ရှိကြောင်း သိရသည်။

အိန္ဒိယ၏အဓိကမိုးရာသီသီးနှံဖြစ်သော စပါးကို လက်ရှိတွင် ဟက်တာ ၂၈၅,၀၀၀ စိုက်ပျိုးပြီးစီးထားသဖြင့် ယမန်နှစ် ကာလတူ(ဟက်တာ ၂၆၅,၀၀၀)ထက် အနည်းငယ်ပိုမိုနေသော်လည်း ၎င်းမှာ စိုက်ပျိုးရာသီ ၏အစောပိုင်းအဆင့်သာရှိသေးသည်။ ပုံမှန်အားဖြင့် စပါးစိုက်ဧရိယာမှာ ဟက်တာ ၄၁၂,၀၀၀ ခန့်ရှိတတ်သဖြင့် နောက်ထပ်စိုက်ပျိုးနိုင်ရန်မှာ မုတ်သုံမိုးရွာသွန်းမှုအခြေအနေအပေါ်တွင်သာ လုံးဝမူတည်နေကြောင်းသိရသည်။ ထို့အတူ ပဲမျိုးစုံ၊ ဆီထွက်သီးနှံ၊ ပြောင်းဖူးနှင့် ဝါဂွမ်းစသည့် အခြားအဓိကသီးနှံများစိုက်ပျိုးမှုမှာလည်း မုတ်သုံလေအားကောင်းလာမှုကိုစောင့်ဆိုင်းနေရသဖြင့် စိုက်ပျိုးမှုကြန့်ကြာနေကြောင်း သိရှိရသည်။

ထို့အပြင် ဂြိုဟ်တုမှတစ်ဆင့် တိုင်းတာရရှိသော မြေဆီလွှာအစိုဓာတ်အချက်အလက်များအရ ဒေသအများအပြားတွင် အစိုဓာတ်နည်းပါးမှုဒဏ်ကို စတင်ခံစားနေရပြီဖြစ်ကြောင်းသိရသည်။ အိန္ဒိယ နိုင်ငံစိုက်ပျိုးမြေစုစုပေါင်း၏ ၅၅ ရာခိုင်နှုန်းမှ ၆၀ ရာခိုင်နှုန်းခန့်မှာ မိုးရေကိုသာ အားထားနေရသဖြင့် မိုးနောက်ကျခြင်း သို့မဟုတ် မိုးမမှန်ခြင်းတို့သည် စိုက်ပျိုးမည့်သီးနှံပုံစံနှင့် အပင်အညှောက်ပေါက်ကြီးထွားမှုကို ချက်ချင်းသက်ရောက်မှုရှိစေသည်။

လက်ရှိစိုက်ပျိုးပြီးစီးမှုဟက်တာ ၇.၂၅ သန်းအနက် ဟက်တာ ၅.၄ သန်းမှာ ကြံစိုက်ခင်းများဖြစ်ပြီး အစောပိုင်းစိုက်ပျိုးမှု၏ အဓိကပမာဏဖြစ် သည်။ ပဲမျိုးစုံစိုက်ပျိုးမှုတွင် ယမန်နှစ်က ဟက်တာ ၃၅,၀၀၀ ရှိခဲ့ရာမှ ယခုနှစ်တွင် ဟက်တာ ၅၂,၀၀၀ အထိတိုးတက်လာသည်။ အထူးသဖြင့် စားသုံးမှုအများဆုံးဖြစ်သည့် ပဲစင်းငုံနှင့် မတ်ပဲစိုက်ပျိုးမှုမှာ ယမန်နှစ်ထက် အနည်းငယ်ပိုမိုများပြားလာသော်လည်း ပဲတီစိမ်းစိုက်ပျိုးမှုကမူ ယမန်နှစ်အောက် အနည်းငယ်လျော့နည်းနေကြောင်း သိရသည်။ ပြောင်းဖူးစိုက်ပျိုးမှုသည်လည်း ဟက်တာ ၃၈,၀၀၀ အထိရောက်ရှိလာသဖြင့် ယမန်နှစ်ထက် တိုးတက်လာသော်လည်း ဆီထွက်သီးနှံစိုက်ပျိုးမှုမှာမူ ဟက်တာ ၁၀,၀၀၀ ခန့်လျော့နည်းသွားသည်။ သို့သော် ၎င်းသီးနှံများသည် မိုးရေကိုသာအားကိုးရသည့် ဒေသများတွင် စိုက်ပျိုးခြင်းဖြစ်၍ မိုးခေါင်ပါက စိုက်ပျိုးထွက်ရှိမှုကို ထိခိုက်နိုင်ကြောင်း သိရသည်။ ယခုရာသီတွင် အဆိုးရွားဆုံးကျဆင်းသွားသည့် သီးနှံမှာ ဂွမ်း(ဝါဂွမ်း)ဖြစ် သည်။ ယမန်နှစ်က ဇွန်လအစောပိုင်းတွင် ဟက်တာ ၉၇၂,၀၀၀ စိုက်ပျိုးနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ဟက်တာ ၇၅၁,၀၀၀ သာစိုက်ပျိုးနိုင်သေးသဖြင့် ဟက်တာ ၂ သိန်းကျော်အထိ သိသိသာသာလျော့ကျသွားကြောင်း သိရသည်။  

လက်ရှိ အိန္ဒိယအစိုးရဌာနများမှ ထုတ်ပြန်ထားသော စိုက်ပျိုးမှုစာရင်းများဖြင့်  အိန္ဒိယနိုင်ငံ၏ စိုက်ပျိုးမှုကိုတိုင်းတာရန် အချိန်စောလွန်းလျက်ရှိသေးသော်လည်း အယ်လ်နီညိုဖြစ်စဉ်၊ မိုးဦးကျမိုးနည်းပါးမှုနှင့် မြေဆီ လွှာအစိုဓာတ်ခန်းခြောက်မှုသုံးခုပေါင်းဆုံနေခြင်းကြောင့် လာမည့်သီတင်းပတ်အနည်းငယ်သည် အိန္ဒိယစိုက်ပျိုးရေးကဏ္ဍအတွက် အလွန်အရေးကြီးသော အလှည့်အပြောင်းကာလဖြစ်လာတော့မည်ဖြစ်ကြောင်းသိရသည်။                                                          

Source: DowntoEarth: Marine heatwaves are rewriting India's bluefood systems. It is time fisheries governance did too

(ဖြူသဲနွယ်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News