International News

G7 အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး ကျင်းပခဲ့

Last Updated:

ဂျပန်နိုင်ငံခြားရေးဝန်ကြီး Ms. Kamikawa Yoko သည် အီတလီနိုင်ငံတွင် ကျင်းပခဲ့သည့် G7 အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးဝန်ကြီးများအစည်းအဝေး၊ B7 အစည်းအဝေးနှင့် Strengthening the Resilience of Supply Chain ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် Outreach Session တို့သို့ G7 အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်ရေးဝန်ကြီးများနှင့်အတူ တက်ရောက်ခဲ့ကြောင်း ၁၆-၇-၂၀၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ချက်၌ B7 အစည်းအဝေးနှင့်စပ်လျဉ်း၍ အောက်ပါအတိုင်းဖော်ပြထားပါသည်-

(က)    B7 ကိုယ်စားလှယ်များက စီးပွားရေးကဏ္ဍတွင် ကြုံတွေ့နေရသည့် ကုန်သွယ်မှုဆိုင်ရာ စိန်ခေါ်မှုများနှင့်အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးဆောင်ရွက်လျက်ရှိမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြောင်းနှင့် အဆိုပါစိန်ခေါ်မှုများကို ဖြေရှင်းနိုင်ရေးအတွက် အစိုးရ-ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကိုလည်း အလေးထားပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

(ခ)     ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးရာတွင် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုအမျိုးမျိုးကို  ထိရောက်စွာတုံ့ပြန်နိုင်ရေး အစိုးရ၊ ပုဂ္ဂလိကလက်တွဲပူးပေါင်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဂျပန်အစိုးရအနေဖြင့် စီးပွားရေးသံခင်းတမန်ခင်း၏ နယ်ပယ်အသစ်(New Frontiers of Economic Diplomacy)ဟူသောအယူအဆနှင့်အညီ စီးပွားရေးနှင့် သံတမန်ဆက်ဆံရေးလုပ်ငန်းစဉ်များကို တစ်ပြိုင်တည်းဆောင်ရွက်ခြင်းဖြင့် ကမ္ဘာ့ဖွံ့ဖြိုးတိုးတက်မှုကို ဖြစ်ထွန်း စေနိုင်သည့်လုပ်ငန်းစဉ်များကို တက်ကြွစွာတွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

(ဂ)     ထို့နောက် G7 အဖွဲ့ဝင်နိုင်ငံများ၏ကုန်သွယ်ရေးဝန်ကြီးများနှင့် B7 ကိုယ်စားလှယ်များအကြား အစိုးရ၊ ပုဂ္ဂလိကပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

Strengthening the Resilience of Supply Chain ခေါင်းစဉ်ဖြင့် ကျင်းပခဲ့သည့် Outreach Session နှင့်စပ်လျဉ်း၍ အောက်ပါအတိုင်း ဖော်ပြထားပါသည်-

(က)    Outreach Session သို့ ဂျပန်စီးပွားရေးလုပ်ငန်းရှင်များအသင်းချုပ်(Keidanern)အပါအဝင်  G7 အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသည့်နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များတက်ရောက်ခဲ့ကြကြောင်း၊Outreach Session တွင် ကြံ့ခိုင်ရည်ရှိသော ထောက်ပံ့ ပို့ဆောင်ရေးကွင်းဆက်တည်ဆောက်ရာတွင် လုပ်ငန်းရှင်များမှ ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်စပ်လျဉ်းသည့် အမြင်များကို G7 အဖွဲ့ဝင်နိုင်ငံများ၏ စီးပွားရေးလုပ်ငန်းရှင်များ၏ ကိုယ်စားလှယ်များက ရှင်းလင်းပြောကြားခဲ့ကြကြောင်း ဖော်ပြထားပါသည်။

(ခ)     ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆွေးနွေးရာတွင် အရေးပါသည့် အရင်းအမြစ်များ၏ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ကို နိုင်ငံတစ်နိုင်ငံတည်းအပေါ် အလွန်အမင်းမှီခိုအားထားနေရခြင်းသည် စီးပွားရေးလုံခြုံမှုအတွက် ကြီးမားသည့် အန္တရာယ်တစ်ရပ်ဖြစ်ကြောင်း ပြောကြားခဲ့ကြောင်း၊ G7 Hiroshima Summit တွင် G7 ခေါင်းဆောင်များမှအတည်ပြုထားပြီးဖြစ်သည့် Trustworthiness and Reliability Principles ကို ကျင့်သုံးလျက်ရှိသည့် သဘော ထားချင်းတူညီသည့်နိုင်ငံများမှ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်းဆောင်ရွက်သွားရန်၊ သယံဇာတဆိုင်ရာ ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်တွင် ရင်းနှီးမြှုပ်နှံခြင်း၊ သတ္တုသယံဇာတများတူးဖော်ထုတ်လုပ်ခြင်းနှင့် သန့်စင်ခြင်းတို့တွင် သဘာဝပတ်ဝန်းကျင်၊ လူမှုပတ်ဝန်းကျင်နှင့် စီမံအုပ်ချုပ်မှုစနစ်ဆိုင်ရာစံနှုန်းများ(ESG Standards)ကို ကမ္ဘာလုံးဆိုင်ရာ မြှင့်တင်ဆောင်ရွက်ရန်လိုအပ်သည့်အပြင် ပြန်လည်အသုံးပြုမှု(Recycling)ကို အားပေးမြှင့်တင်ရန်လိုအပ်ကြောင်း၊ သယံဇာတကြွယ်ဝသည့် နိုင်ငံများတွင် သယံဇာတတူးဖော်ထုတ်လုပ်နိုင်ရေးအတွက် G7 အဖွဲ့ဝင်နိုင်ငံများမှ တက်ကြွစွာပံ့ပိုးဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

(ဂ)     G7 Hiroshima Summit တွင် အတည်ပြုပြီးဖြစ်သော ကြံ့ခိုင်ရည်ရှိပြီး၊ ယုံကြည်စိတ်ချရသည့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များနှင့်စပ်လျဉ်းသည့်စည်းမျဉ်းများ(Principles on resilient and reliable supply chain) နှင့်အညီ လိုက်နာဆောင်ရွက်သွားကြရန်၊ ယုံကြည်စိတ်ချရသည့် မိတ်ဖက်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်ရန်နှင့် နိုင်ငံတကာအဖွဲ့အစည်းများနှင့်အတူ အစိုးရ၊ ပုဂ္ဂလိကအကြား ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ခြင်းမှတစ်ဆင့် ပိုမိုခိုင်မာအားကောင်းသော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် တည်ဆောက်ရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Ministry of Foreign Affairs, Japan                                                                                    

Category: International News