International News

Japan-EU EPA Joint Committee ၏ ၅ ကြိမ်မြောက်အစည်းအဝေး ကျင်းပခဲ့

Last Updated:

ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်အရ ဖွဲ့စည်းထားသည့် ပူးတွဲကော်မတီ၏ ၅ ကြိမ်မြောက်အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် အီတလီနိုင်ငံ၌ ကျင်းပခဲ့ကြောင်းနှင့် အဆိုပါအစည်းအဝေးသို့ G7 အဖွဲ့ဝင်နိုင်ငံများ၏ကုန်သွယ်ရေးဝန်ကြီးများ အစည်းအဝေးတက်ရောက်ရန် အီတလီနိုင်ငံသို့ ရောက်ရှိနေသည့် ဂျပန်နိုင်ငံခြားရေးဝန်ကြီး Ms. Kamikawa Yoko နှင့် အီးယူကုန်သွယ်ရေးကော်မရှင်နာနှင့် European Commission for an Economy that Works for People ၏ Executive Vice President ဖြစ်သူ Mr. Valdia Dombrovskia တို့က ပူးတွဲဥက္ကဋ္ဌများအဖြစ်ဆောင်ရွက်ခဲ့ကြောင်း ၁၆-၇-၂၀၂၄ ရက်နေ့တွင် ဂျပန်နိုင်ငံခြား ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါသည်။

ထုတ်ပြန်ချက်၌ သတင်းအချက်အလက်များ လွတ်လပ်စွာစီးဆင်းနိုင်ရေးအတွက် ဂျပန်-အီးယူစီးပွားရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ သဘောတူညီချက်ပြင်ဆင်ချက်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁ ရက်နေ့တွင် အသက်ဝင်ခဲ့မှုအပေါ် ကြိုဆိုကြကြောင်း၊ ဂျပန်နှင့်အီးယူအကြား ကုန်သွယ်မှုဆက်လက်မြှင့်တင်နိုင်ရေး ရှုထောင့်အမြင်ဖြင့် စီးပွားရေးလုပ်ငန်းများအပေါ် အီးယူမှချမှတ်ခဲ့သည့် အဆင့်မြင့်စည်းမျဉ်းများနှင့်စပ်လျဉ်း၍ သေချာစွာရှင်းလင်းပြောကြားရန်နှင့်တုံ့ပြန်ရန် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အီးယူကုန်သွယ်ရေးကော်မရှင်နာအား မေတ္တာရပ်ခံခဲ့ကြောင်း၊ ထို့ပြင် ဂျပန်ကုမ္ပဏီများအပါအဝင် သက်ဆိုင်သူများအားလုံး၏သဘောထားများကို အလေးထားရန်လိုအပ်ကြောင်း၊ အထူးသဖြင့် Fluorinated Greenhouse Gases နှင့် Carbon Border Adjustment Mechanism(CBAM) နှင့်စပ်လျဉ်းသည့်စည်းမျဉ်းများချမှတ်ခြင်းနှင့် ထုတ်ပိုးခြင်းနှင့်ထုပ်ပိုးပြီးသည့် စွန့်ပစ်အမှိုက်များနှင့်စပ်လျဉ်း၍ သင့်လျော် သည့်မူဝါဒများချမှတ်ဆောင်ရွက်ရန်လိုအပ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးက အီးယူကုန်သွယ်ရေးကော်မရှင်နာအား ပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဂျပန်နှင့် အီးယူတို့၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရင်းနှီးမြှုပ်နှံမှုများတိုးမြှင့်ဆောင်ရွက်နိုင်ရေးသည် အရေးပါလျက်ရှိခြင်းကြောင့် ဂျပန်-အီးယူရင်းနှီးမြှုပ်နှံမှုအကာအကွယ်ပေးရေးဆိုင်ရာသဘောတူညီချက်ချုပ်ဆိုနိုင်ရေး ဆက်လက်ဆောင်ရွက်လိုကြောင်း ပြောကြားခဲ့ပြီး၊ ပူးတွဲဥက္ကဋ္ဌများအနေဖြင့် အပင်ပိုးမွှားကင်းစင်ရေးဆိုင်ရာ သတ်မှတ်ချက်များ၊ ဒေသဆိုင်ရာအညွှန်း(Geographical Indication-GI)၊ အစိုးရ၏ဝယ်ယူရေးဆိုင်ရာကိစ္စရပ်များ၊ စည်းမျဉ်း မူဘောင်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး၊ ကုန်သွယ်မှုနှင့်ရေရှည်ဖွံ့ဖြိုးတိုးတက်စေရေးစသည့် နယ်ပယ်များတွင်လည်း ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက် ခိုင်မာအားကောင်းစေရေး၊ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ဖွံ့ဖြိုးမှုအဖွဲ့အစည်း(OECD)၏ အဖွဲ့ဝင်နိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်ရေးအပါအဝင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံစုံကုန်သွယ်ရေးစည်းမျဉ်းများထိန်းသိမ်းနိုင်ရေးနှင့် အားကောင်းလာစေရေးအပါ အဝင် စီးပွားရေးလုံခြုံရေးဆိုင်ရာကိစ္စရပ်များကို အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြောင်းနှင့် Japan-EU EPA အကောင်အထည်ဖော်နိုင်ရေးနှင့် ဂျပန်နှင့် အီးယူအကြား ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းစေရေး ဆက်လက်ပူးပေါင်းဆောင်ရွက်သွားကြရန် သဘောတူညီခဲ့ကြကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source:The Ministry of Foreign Affairs, Japan (16-7-2024)                                                            

Category: International News