International News

စင်ကာပူနိုင်ငံတွင် အသေးစားနှင့် အလတ်စားလက်လီအရောင်းအဝယ်လုပ်ငန်းများနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒီဂျစ်တယ်စီးပွားရေးတွင် ပိုမိုဖွံ့ဖြိုးလာစေရန် အဆင့်မြင့်ဒီဂျစ်တယ်စနစ်အမျိုးအစားများကို ထုတ်ပြန်

Last Updated:

အသေးစားနှင့်အလတ်စား လက်လီအရောင်းအဝယ်လုပ်ငန်းများနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများအတွက် ဒီဂျစ်တယ်စနစ် ၂ ခုဖြစ်သည့် Omnichannel Retail Management(OCRM) နှင့် Integrated Security Management(ISM)ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်နေ့တွင် Infocomm Media Development Authority(IMDA)က ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါစနစ် ၂ ခုကို ကနဦးအစီအစဉ်အဖြစ် ၁ နှစ် စတင်ဆောင်ရွက်မည်ဖြစ်ပြီး ဒီဂျစ်တယ်စနစ်ဖြင့် လုပ်ငန်းများပိုမိုဆောင်ရွက်နိုင်ရေး၊ဒီဂျစ်တယ်စနစ်သို့ကူးပြောင်း နိုင်ရေး၊ ဒီဂျစ်တယ်စီးပွားရေးတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအနေဖြင့် ကာလရှည်ရပ်တည်နိုင်ရေးတို့အတွက် စီးပွားရေးလုပ်ငန်း ၁၀၀ ကို  ပံ့ပိုးသွားမည်ဖြစ်ပါသည်။

အဆိုပါစနစ် ၂ ခုသည် စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်အမျိုးမျိုးကို တစ်စုတစ်စည်းတည်းဖြစ်စေခြင်း၊ အချက် အလက်များကို ရှင်းလင်းစွာသိမြင်နိုင်စေရန်နှင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေရန်အတွက် သတင်းအချက်အလက်စီးဆင်းမှုကိုချောမွေ့စေခြင်းဖြင့် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။

Omnichannel Retail Management(OCRM)စနစ်သည် လက်လီရောင်းဝယ်ရေးလုပ်ငန်းအတွက်ဖြစ်ပြီး ဝယ်ယူသူများနှင့် ချိတ်ဆက်မှုအမျိုးမျိုးကို နယ်ပယ်အမျိုးမျိုးတွင် ဆောင်ရွက်နိုင်ရန်ရည်ရွယ်ပါသည်။ OCRM ကို IMDA နှင့် Enterprise Singapore တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး လက်လီဈေးဆိုင်များ၊  e-marketplaces နှင့်အွန်လိုင်းမှတစ်ဆင့် ရောင်းဝယ်မှုများတွင် ဝယ်ယူသူများနှင့်ချိတ်ဆက်ဆောင်ရွက်ရာ၌ ကြုံတွေ့ရသည့်အတွေ့အကြုံများကို လက်လီရောင်းချသူများမှ မျှဝေနိုင်မည်ဖြစ်ပါသည်။ ထို့ပြင် လက်ကျန်စာရင်းစီမံခန့်ခွဲမှု၊ ဝယ်သူနှင့် ဆက်ဆံရေးစီမံခန့်ခွဲမှုလုပ်ငန်း‌များကိုပါ ပေါင်းစပ်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။

Integrated Security Management(ISM)စနစ်ကို IMDA နှင့် ပြည်ထဲရေးဝန်ကြီးဌာန(Ministry of Home Affairs –MHA)တို့ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ပြီး အသေးစားနှင့်အလတ်စားလုံခြုံရေးအေဂျင်စီများ၏လုပ်ငန်းဆောင်ရွက်မှုများမြှင့်တင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပါသည်။ လုံခြုံရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ပိုမိုထိရောက်သည့် ချဉ်းကပ်မှုများဖြစ်စေရေးနှင့် လုံခြုံရေးဝန်ဆောင်မှုလုပ်ငန်းများပူးပေါင်းဆောင်ရွက်နိုင်ရေး စသည်တို့အတွက်ဖြစ်ပါသည်။ လုံခြုံရေးဝန်ဆောင်မှုရယူလိုသူများက Outcome Based Contract Model အရ သီးခြားရလဒ်များရရှိရေးကို အလေးပေးလာကြသည်ဖြစ်ရာ လုံခြုံရေးဝန်ဆောင်မှုအေဂျင်စီများအနေဖြင့် ပိုမိုကောင်းမွန်သည့်ဝန်ဆောင်မှု များပေးရန် လိုအပ်လာပါသည်။ ISM သည် AI စွမ်းရည်များကိုစုစည်း၍ သမားရိုးကျလုံခြုံရေးဝန်ဆောင်မှုထက်ပိုသည့် ဝန်ဆောင်မှုများကို ဆောင်ရွက်နိုင်စေမည်ဖြစ်ပါသည်။ ISM စနစ်သည် user-friendly management dashboard မှတစ်ဆင့် ဘက်စုံလုပ်ငန်းစဉ်များကိုစီမံခန့်ခွဲနိုင်ရန်အတွက် အခြားစနစ်များနှင့် ပေါင်းစပ်ဆောင်ရွက် နိုင်မည်ဖြစ်ပြီး ဖြစ်ရပ်များကို အချိန်နှင့်တစ်ပြေးညီကြီးကြပ်ကွပ်ကဲခြင်း၊ ထိန်းချုပ်ခြင်းနှင့်တုန့်ပြန်ဆောင်ရွက်ခြင်း တို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။ ISM စနစ်အသုံးပြုခြင်းဖြင့် လုံခြုံရေးဝန်ဆောင်မှုများကို ချဲ့ထွင်ဆောင်ရွက်နိုင်မည်ဖြစ်ပြီး ပလက်ဖောင်းတစ်ခုတည်းမှတစ်ဆင့် အခြားသောစီမံခန့်ခွဲမှုလုပ်ငန်းများနှင့်လည်း ပူးပေါင်းဆောင်ရွက်မှုများ လုပ်ဆောင်နိုင်မည်ဖြစ်ပါသည်။

စင်ကာပူနိုင်ငံစီးပွားရေး၏ အဓိကကျောရိုးဖြစ်သည့် အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအတွက် ကဏ္ဍစုံမှ ထောက်ပံ့ပေးလျက်ရှိရာ OCRM နှင့် ISM စနစ်တို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကြေညာမှုသည် ဒီဂျစ်တယ်စီးပွားရေး၌ အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဒီဂျစ်တယ်စနစ်သို့ ကူးပြောင်းနိုင်ရေး၊ စီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် ဒီဂျစ်တယ်ကိုအသုံးချ၍ လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကူညီဆောင်ရွက်ပေးမှုတစ်ခုဖြစ်ပါသည်။

ရင်းမြစ်။        Infocomm Media Development Authority

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News