၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၉ ရက်နေ့ ကျင်းပခဲ့သည့်အစည်းအဝေးတွင် ဗီယက်နမ်နိုင်ငံအနေဖြင့် ကုန်သွယ်မှုမျှတစေရန်အတွက် သဘာဝဓာတ်ငွေ့ရည်များ၊လေယာဉ်များ နှင့် ဆေးဝါးများအပါအဝင် အမေရိကန်ထုတ်ကုန်များကိုပိုမိုဝယ်ယူရန် လိုအပ်ကြောင်း ဗီယက်နမ်နိုင်ငံ ဝန်ကြီးချုပ် Pham Minh Chinh က ပြောကြားခဲ့သည်။
အဆိုပါအစိုးရအစည်းအဝေးတွင် အမေရိကန်နိုင်ငံ၏အပြန်အလှန်စည်းကြပ်ခွန်များနှင့်ပတ်သက်၍ ဆွေးနွေးရာတွင် ဗီယက်နမ်နိုင်ငံ၏ ကုန်သွယ်မှုညှိနှိုင်းမှုများ သည် ကောင်းမွန်လျက်ရှိသော်လည်း အဆင်ပြေချောမွေ့စွာဆက်လက်ရှိနေစေရန်အတွက် အမေရိကန်ထုတ်ကုန်များကို တင်သွင်းရန်လိုအပ်ကြောင်း ဝန်ကြီးချုပ် Chinh မှ ပြောကြားခဲ့ပါသည်။
ဗီယက်နမ်အပါအဝင် ၎င်း၏မိတ်ဖက်များအပေါ် အပြန်အလှန်စည်းကြပ်ခွန်များကို ထရန့်အစိုးရက ရက်ပေါင်း ၉၀ ဆိုင်းငံ့ထားကြောင်း၊ လက်ရှိယာယီနှုန်းထားသည် ၁၀ ရာခိုင်နှုန်းဖြစ်ပြီး ဗီယက်နမ်နိုင်ငံမှ အဖွဲ့တစ်ဖွဲ့သည် အမေရိကန်နိုင်ငံသို့ ကြာသပတေးနေ့တွင် သွားရောက်ရန်မျှော်လင့်ထားပြီး နှစ်နိုင်ငံညှိနှိုင်းမှုများ ပြုလုပ်မည်ဖြစ်ကြောင်း သိရှိရပါသည်။
ဝန်ကြီးချုပ် Chinh မှ နှစ်နိုင်ငံ ဟန်ချက်ညီညီနှင့် သွင်းကုန်ခွန်နှုန်းအနိမ့်များရရှိအောင် ညှိနှိုင်းရန်ကြိုးပမ်းခဲ့ကြောင်း၊ ဗီယက်နမ်နိုင်ငံသည် ၎င်းအား ဈေးကွက်စီးပွားရေးအဖြစ် အသိအမှတ်ပြုရန်နှင့် မြင့်မားသောနည်းပညာများတင်ပို့မှုအပေါ် ကန့်သတ်ချက်များကို ရုတ်သိမ်းရန်အတွက် အမေရိကန်ကို တောင်းဆိုရန်လည်း စီစဉ်ထားကြောင်း သိရှိရပါသည်။
စေ့စပ်ညှိနှိုင်းမှုများသည် ဗီယက်နမ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ အမျိုးသားလုံခြုံ ရေးနှင့် ၎င်း၏ပြည်သူများ၏အကျိုးစီးပွားကို ကာကွယ်ရန်နှင့် နိုင်ငံတကာကတိ ကဝတ်များကို ဖြည့်ဆည်းပေးနိုင်ကြောင်း ဝန်ကြီးချုပ် Chinh မှ ပြောကြားခဲ့ပါသည်။
Source: VN Express International
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)