International News

စင်ကာပူယှဉ်ပြိုင်မှုနှင့်စားသုံးသူကော်မရှင်(Competition and Consumer Commission of Singapore–CCCS) က အာမခံကန့်သတ်ချက်များ(Warranty Restrictions)ကိုပယ်ဖျက်ရန် မော်တော်ယာဉ်တင်ပို့ရောင်းချသူများကို ထပ်မံအသိပေး

Last Updated:

စင်ကာပူယှဉ်ပြိုင်မှုနှင့်စားသုံးသူကော်မရှင်(Competition and Consumer Commission of Singapore–CCCS) က မော်တော်ယာဉ်တင်ပို့ရောင်းချသူများ၏အသိအမှတ်ပြု Workshop များတွင်သာ မော်တော်ယာဉ်ပြင်ဆင်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများဆောင်ရွက်ရမည့် အာမခံကန့်သတ်ချက်များ(Warranty Restrictions)ကိုပယ်ဖျက်ကြောင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်က ထုတ်ပြန်ခဲ့ပါသည်။ CCCS က အဆိုပါအာမခံကန့်သတ်ချက်များကိုပယ်ဖျက်ရန် ညွှန်ကြားစာကို မော်တော်ယာဉ်တင်သွင်းရောင်းချသူများထံသို့ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလက ပေးပို့ခဲ့ပြီးဖြစ်ပါသည်။ မော်တော်ယာဉ်တင်သွင်းရောင်းချသူများအနေဖြင့် စင်ကာပူနိုင်ငံတွင် ဖြန့်ချီရန်စီစဉ်ခြင်း သို့မဟုတ် ဖြန့်ချီလျက်ရှိသည့် မည်သည့်ကားအမှတ်တံဆိပ်အမျိုးအစားတွင်မဆို အဆိုပါအာမခံကန့်သတ်ချက်ကို ပယ်ဖျက်ရမည်ဖြစ်ပါသည်။

၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလတွင် CCCS အနေဖြင့် ကားအစိတ်အပိုင်းများတင်သွင်း၊ ထုတ်လုပ်သည့်ဈေးကွက်တွင် စုံစမ်းမှုပြုလုပ်ခဲ့ရာ Warranty Restrictions သည် အခြား Workshop များ၌ မော်တော်ယာဉ်ပြင်ဆင်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများဆောင်ရွက်နိုင်ခွင့်ကို တားဆီးခဲ့ကြောင်း တွေ့ရှိခဲ့ပါသည်။ အဆိုပါအာမခံကန့်သတ်ချက်သည် မော်တော်ယာဉ်တင်ပို့ရောင်းချသူများက အသိအမှတ်ပြုသည့် ယာဉ်ပြင်ဆင်အလုပ်ရုံ(Workshop)များနှင့် အခြား Workshop များအကြား ယှဉ်ပြိုင်နိုင်မှုအပေါ် အဟန့်အတားဖြစ်စေပြီး အသိအမှတ်ပြု Workshop များတွင် ကားဝန်ဆောင်မှုများ၊ ပြင်ဆင်မှုများ၊ ကားအစိတ်အပိုင်းများပြင်ဆင်တပ်ဆင်မှုတို့တွင် အခကြေးငွေပိုမိုကောက်ခံမှုများဖြစ်စေပါသည်။

၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၂၂ ရက်တွင် CCCS ၏ထပ်မံအသိပေးချက်အရ မော်တော်ယာဉ်တင်သွင်းရောင်းချသူများအနေဖြင့် ၎င်းတို့၏ဝက်ဆိုဒ်များ၊ ဈေးကွက်ရှာဖွေရေးနှင့် အခြားသက်ဆိုင်ရာစာရွက်စာတမ်းများ၊ ကားရောင်းချခြင်း၊ ကားဝန်ဆောင်မှုပေးခြင်းတို့နှင့်ဆက်စပ်နေသည့် ဥပဒေပိုင်းဆိုင်ရာ စာရွက်စာတမ်းများတွင် အဆိုပါအာမခံကန့်သတ်ချက်များကို ပယ်ဖျက်ရန်၊ ယှဉ်ပြိုင်မှုအက်ဥပဒေ ၂၀၀၄(the Competition Act 2004)ကို လိုက်နာမှုရှိစေရေးအတွက် အာမခံစည်းကမ်းသတ်မှတ်ချက်များ(Warranty Terms and Practices)ကိုပြန်လည်သုံးသပ်သင့်ကြောင်း၊ အာမခံချက်ပါ မော်တော်ယာဉ်ဝယ်ယူသူများ၏အခွင့်အရေးကို လှည့်ဖြားခြင်းသည် စားသုံးသူအကာ အကွယ်ပေးရေးအက်ဥပဒေ၂၀၀၃(Consumer Protection (Fair Trading) Act 2003 အရ မမျှတသည့်လုပ်ဆောင်ချက်ဖြစ်ကြောင်း အသိပေးထားပါသည်။

မော်တော်ယာဉ်ဝယ်ယူသူများအနေဖြင့် ကားဝယ်သူသည့်အချိန်တွင် မော်တော်ယာဉ်ပြင်ဆင်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုများနှင့်စပ်လျဉ်းသည့်အခွင့်အရေးများ ထိခိုက်နစ်နာမှုရှိ/မရှိ အာမခံစည်းကမ်းသတ်မှတ်ချက်များ(Warranty Terms and Conditions)များကို သတိပြုသင့်ကြောင်း၊ အဆိုပါသတ်မှတ်ချက်များအပေါ် ရှင်းလင်းသေချာမှုမရှိပါက ကားရောင်းချသူများထံမှ ရှင်းလင်းချက်တောင်းခံသင့်ကြောင်း အကြံပြုထားပါသည်။

CCCS အနေဖြင့် မော်တော်ယာဉ်ပြင်ဆင်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများတွင် တိုးတက်မှုများကို ဆက်လက်‌စောင့်ကြည့်သွားမည်ဖြစ်ပြီး Warranty Restrictions ၏သက်ရောက်မှုကို ပြန်လည်ဆန်းစစ်သွားမည်ဖြစ်ကြောင်း၊ စင်ကာပူနိုင်ငံတွင် မော်တော်ယာဉ်ပြင်ဆင်ခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှုလုပ်ငန်းများအတွက် လိုအပ်သည့်ကိရိယာအစိတ်အပိုင်းများရရှိနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိဈေးကွက်ကို ယှဉ်ပြိုင်နိုင်စွမ်းရှိစေရေး၊ မော်တော်ယာဉ်ဝယ်ယူသူများကို အကာအကွယ်ပေးနိုင်ရေးအတွက် အရေးယူမှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ရင်းမြစ်။        Competition and Consumer Commission of Singapore – CCCS

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News