International News

ဂျပန်နိုင်ငံမှ ထုတ်ကုန်များအပေါ် အမေရိကန်နိုင်ငံမှ အကောက်ခွန်ကောက်ခံမှုများကြောင့် ဂျပန်နိုင်ငံ၏ ပို့ကုန်မှာ ဆက်လက်ကျဆင်းလျက်ရှိ

Last Updated:

ဂျပန်နိုင်ငံထုတ် မော်တော်ယာဉ်များနှင့်အခြားသော ထုတ်ကုန်များအပေါ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်မှ အကောက်ခွန်ကောက်ခံခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏ အဓိကပို့ကုန်ဈေးကွက်ဖြစ်သည့် အမေရိကန်နိုင်ငံသို့ တင်ပို့မှုအပါအဝင် ဂျပန်နိုင်ငံ ၏ပို့ကုန်မှာ ၂ လဆက်တိုက်ကျဆင်းခဲ့ကာ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ၀.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ၁၇-၇-၂၀၂၅ ရက်နေ့ထုတ် The Nikkei Asia သတင်းစာတွင် “Japan exports drop again amid tariff uncertainties” ခေါင်းစဉ်ဖြင့် ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်း၌ ၂၀၂၅ ခုနှစ်၊ မေလတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၁၁.၁ ရာခိုင်နှုန်းကျဆင်းခဲ့ရာမှ ဇွန်လတွင် ၁၁.၄ ရာခိုင်နှုန်းအထိ ထပ်မံကျဆင်းလာခဲ့ကြောင်း၊ ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၅ ရက်နေ့မှစတင် ၍ အမေရိကန်နိုင်ငံသို့တင်ပို့သည့် ကုန်စည်အားလုံးအပေါ် ၁၀ ရာခိုင်နှုန်းအခြေခံအကောက်ခွန်ပေးဆောင်ရလျက်ရှိကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဧပြီလတွင် အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ထုတ်ကုန်များအပေါ် ၂၄ ရာခိုင်နှုန်း တန်ပြန်အကောက် ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်း ကြေညာခဲ့ရာမှ အနည်းငယ်တိုးမြှင့်ကာ ၁-၈- ၂၀၂၅ ရက်နေ့မှစတင်၍ ၂၅ ရာခိုင်နှုန်း တန်ပြန်အကောက်ခွန်ကောက်ခံသွားမည်ဖြစ်ကြောင်းကြေညာခဲ့ကြောင်း၊ထို့ပြင် သီးခြားအကောက်ခွန်များအဖြစ် မော်တော် ယာဉ်များအပေါ် ၂၅ ရာခိုင်နှုန်းမှသည် ၂၇.၅ ရာခိုင်နှုန်းအထိ ကောက်ခံလျက်ရှိကြောင်း ဖော်ပြထားပါသည်။

အမေရိကန်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ မော်တော်ယာဉ်များအပေါ် အကောက်ခွန်ကောက်ခံခဲ့ခြင်းကြောင့် ဂျပန်နိုင်ငံ၏စီးပွားရေးအပေါ် များစွာထိခိုက်စေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံအနေဖြင့် ကမ္ဘာ့နိုင်ငံများမှ တင်သွင်းလျက်ရှိသည့် မော်တော်ယာဉ်နှင့် မော်တော်ယာဉ်အစိတ်အပိုင်းများအားလုံး၏ ၁၃ ရာခိုင်နှုန်းကို ဂျပန်နိုင်ငံမှ တင်သွင်းလျက်ရှိကြောင်းနှင့် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅၀ ဘီလီယံတန်ဖိုးရှိ မော်တော်ယာဉ်နှင့်မော်တော်ယာဉ်အစိတ်အပိုင်းများကို ဂျပန်နိုင်ငံမှ တင်သွင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ မော်တော်ယာဉ်များတင်ပို့မှုမှာ ၂၆.၇ ရာခိုင်နှုန်းနှင့် မော်တော်ယာဉ်အစိတ်အပိုင်းများတင်ပို့မှုမှာ ၁၅.၅ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း၊  ဂျပန်နိုင်ငံမှ အမေရိကန်နိုင်ငံသို့ သံမဏိတင်ပို့ရာတွင် ၅၀ ရာခိုင်နှုန်းအကောက်ခွန်ပေးဆောင်ရခြင်းကြောင့် သံမဏိတင်ပို့မှုမှာလည်း ၂၈.၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ဂျပန်နိုင်ငံ၏ထုတ်ကုန်များအပေါ် အမေရိကန်နိုင်ငံဘက်မှအကောက်ခွန်လျှော့ချပေးရေးအတွက်ဆွေးနွေးမှုများမှာလည်း အနည်းငယ် သာတိုးတက်မှုရှိသည့်အတွက် ၂၀-၇-၂၀၂၅ ရက်နေ့တွင်ပြုလုပ်မည့် အထက် လွှတ်တော်ရွေးကောက်ပွဲတွင် လက်ရှိအာဏာရပါတီအနေဖြင့် အများစုအနိုင်ရရှိရန်အတွက် စိန်ခေါ်မှုများဖြစ်ပေါ်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ဒုတိယအကြီးဆုံးပို့ကုန်ဈေးကွက်ဖြစ်သည့်တရုတ်နိုင်ငံဘက်မှ ဝယ်လို အားလည်း ကျဆင်းလာလျက်ရှိကြောင်းနှင့် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့မှုမှာ ၄ လ ဆက်တိုက်ကျဆင်းခဲ့ပြီး ၄.၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ သို့သော် အီးယူသို့တင်ပို့မှုမှာ ၃.၆ ရာခိုင်နှုန်းနှင့် အရှေ့တောင်အာရှနိုင်ငံများသို့ တင်ပို့မှုမှာ ၄.၉ ရာခိုင်နှုန်းအသီးသီးမြင့်တက်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ဂျပန်နိုင်ငံ၏သွင်းကုန်မှာ ၀.၂ ရာခိုင်နှုန်းမြင့်တက်ခဲ့သည့်အတွက် ကုန်သွယ်မှုပိုငွေ ၁၅၃ ဘီလီယံယန်း(အမေရိကန်ဒေါ်လာ ၁.၀၃ ဘီလီယံ)ဖြစ်ပေါ်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ပထမနှစ်ဝက်တွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၃.၆ ရာခိုင်နှုန်းနှင့်သွင်းကုန်မှာ ၁.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News