International News

ချက်ခ်(Czech)သမ္မတနိုင်ငံမှ ဝက်သားထုတ်ကုန်များ ဗီယက်နမ်ဈေးကွက်သို့ ပထမဆုံးတရားဝင် စတင်ဝင်ရောက်

Last Updated:

ချက်ခ်(Czech)နိုင်ငံမှ ပထမဆုံးဝက်သားကွန်တိန်နာရောက်ရှိလာခြင်းသည် ချက်ခ် (Czech)နိုင်ငံနှင့် ဗီယက်နမ်အာဏာပိုင်များအကြား နှစ်ရှည်လများညှိနှိုင်းဆွေးနွေးမှုများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတည်ပြုချက်များနှင့် နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများအပါအဝင် ရှုပ်ထွေးလှသော ဈေးကွက်ဖွင့်လှစ်ရေးလုပ်ငန်းစဉ်များ၏ အောင်မြင်သောရလဒ်တစ်ခုဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံရှိ သက်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များက ကုန် ပစ္စည်းများရောက်ရှိလာမှုကို ဝမ်းမြောက်စွာကြိုဆိုခဲ့ကြပြီး ချက်ခ်(Czech)သမ္မတ နိုင်ငံမှ ပထမဆုံးသောတရားဝင် ဝက်သားထုတ်ကုန်တင်ပို့မှုသည် ဇူလိုင် ၂၁ ရက်တွင် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိလာခဲ့ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၏ မှတ်တိုင်သစ်တစ်ခုကို စိုက်ထူနိုင်ခဲ့ခြင်းဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံရှိ AGROFERT Group ၏ ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် စီးပွားရေးလုပ်ငန်းရှင်များသည် မြောက်ပိုင်းဆိပ်ကမ်းမြို့ဖြစ်သော ဟိုင်ဖုန်း(Hai Phong)မြို့ရှိ Tan Vu ဆိပ်ကမ်းတွင် ကြိုဆိုသည့်အခမ်းအနားကိုကျင်းပခဲ့ပြီး ထိုကုန်ပစ္စည်းများကို ချက်ခ်(Czech)သမ္မတနိုင်ငံရှိ Kostelecke Uzeniny အသားထုတ်လုပ်ရေးစက်ရုံမှ တင်ပို့လိုက်ခြင်းဖြစ်ပါသည်။

ဗီယက်နမ်နိုင်ငံဆိုင်ရာချက်ခ်(Czech)သံရုံးမှသံရုံးယာယီတာဝန်ခံ Jaroslav Zukerstein က ပထမဆုံးကွန်တိန်နာရောက်ရှိလာခြင်းသည် နှစ်ရှည်လများညှိနှိုင်းဆွေးနွေးမှုများ၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ အတည်ပြုချက်များနှင့် နှစ်နိုင်ငံအာဏာပိုင်များအကြား နီးကပ်စွာပူးပေါင်းဆောင်ရွက်မှုများ စသည်တို့ပါဝင်နေသည့် ရှုပ်ထွေးလှသော ဈေးကွက်ဖွင့်လှစ်ရေးလုပ်ငန်းစဉ်၏ အောင်မြင်သော ရလဒ် တစ်ခုဖြစ်ပါကြောင်း ဖော်ပြခဲ့ပါသည်။

ယခုတင်ပို့မှုသည် ချက်ခ်(Czech)နိုင်ငံ၏ အစားအသောက်အရည်အသွေးနှင့် ဘေးကင်းလုံခြုံရေးစံချိန်စံညွှန်းများအပေါ် ဗီယက်နမ်အာဏာပိုင်များနှင့် တင်သွင်းသူ များ၏ ယုံကြည်မှုတိုးတက်လာခြင်းကို ထောက်ပြနေပြီးချက်ခ်(Czech) အစား အသောက်များကို ဗီယက်နမ်သို့ နောက်ထပ်တင်ပို့နိုင်ရန် လမ်းစဖွင့်ပေးလိုက်ခြင်းဖြစ်ပါသည်။

ချက်ခ်(Czech)သမ္မတနိုင်ငံအနေဖြင့် ကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်မှုများကို အားကောင်းလာစေရန်နှင့် နှစ်နိုင်ငံမှ ကုမ္ပဏီများအတွက်စီးပွားရေးအခွင့်အလမ်းများကိုပံ့ပိုးပေးနိုင်ရန် စီးပွားရေးနှင့် သက်ဆိုင်သောသံတမန်ရေးရာနည်းလမ်းများကို ဆက်လက်အသုံးပြုသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

စိုက်ပျိုးရေးကဏ္ဍမှထွက်ရှိသောအစားအစာ၊ အစားအစာပြုပြင်ထုတ်လုပ်မှုနည်းပညာ၊ ကျန်းမာရေး စောင့်ရှောက်မှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဖြေရှင်းချက်များ၊ စွမ်းအင်၊ သယ်ယူပို့ဆောင်ရေးနှင့် အဆင့်မြင့်ကုန်ထုတ်လုပ်မှုများအပါအဝင် တိုးတက်မှုအလားအလာကောင်းသည့်နယ်ပယ်များကို ဦးစားပေးလုပ်ဆောင်သွားမည်ဖြစ်ပါသည်။ ထို့အပြင် ဥရောပနိုင်ငံများတွင် ပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီး မြှုပ်နှံမှုနှင့် ကုန်သွယ်ရေးအခွင့်အလမ်းများကိုစိတ်ပါဝင်စားသည့် ဗီယက်နမ်စီးပွားရေးလုပ်ငန်းများကို ချက်ခ်(Czech)သံရုံးအနေဖြင့် ပံ့ပိုးပေးခြင်းဖြင့် ပိုမိုကျယ်ပြန့်သော ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်ရန် ကြိုးပမ်းလျက်ရှိပါသည်။

ဗီယက်နမ်၏တင်းကျပ်သော အစားအသောက်ဘေးကင်းလုံခြုံရေးဆိုင်ရာ လိုအပ် ချက်များကြောင့် ဗီယက်နမ်ဈေးကွက်သို့ ဝင်ရောက်ခွင့်ရရှိရန် စိန်ခေါ်မှုများရှိခဲ့ပါသည်။ သို့ရာတွင် ချက်ခ်(Czech)သမ္မတနိုင်ငံသည် အာဖရိကဝက်တုပ်ကွေးရောဂါထိန်းချုပ်ရာတွင် အောင်မြင်မှုများရရှိခဲ့သဖြင့် ဗီယက်နမ်သို့တင်ပို့သည့် ဝက်သားထုတ်ကုန်များသည် ကမ္ဘာ့အတင်းကျပ်ဆုံးစံချိန်စံညွှန်းများနှင့် ကိုက်ညီလျက်ရှိကြောင်းသိရှိရပါသည်။

AGROFERT သည် ချက်ခ်(Czech)သမ္မတနိုင်ငံ၏ ထိပ်တန်းစိုက်ပျိုးရေးနှင့် အစား အသောက်လုပ်ငန်းစုကြီးများထဲမှ တစ်ခုဖြစ်ပြီး နိုင်ငံပေါင်း ၂၁  နိုင်ငံတွင် ဝန်ထမ်းပေါင်း ၂၉,၀၀၀ နီးပါးဖြင့် လုပ်ငန်းများလည်ပတ်နေကာ နှစ်စဉ်ဝင်ငွေယူရို ၈ ဘီလီယံခန့်(အမေရိကန်ဒေါ်လာ ၉.၁ ဘီလီယံ) ရရှိနေသောလုပ်ငန်းဖြစ်ပါသည်။ ဗီယက်နမ်တွင်မူ နှစ်နိုင်ငံကုန်သွယ်ရေးကိုမြှင့်တင်ရန် မဟာဗျူဟာမြောက်သောမိတ်ဖက်များနှင့်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ဗီယက်နမ်စိုက်ပျိုးရေးနှင့်အစား အသောက်ထုတ်ကုန်များကို ဥရောပဈေးကွက်သို့ တင်ပို့ခြင်းနှင့် ဥရောပစံချိန်စံညွှန်းမီ အစားအသောက်နှင့်ဓာတု ထုတ်ကုန်များကို ဗီယက်နမ်သို့ ရောင်းချခြင်းလုပ်ငန်းများပါဝင်ပါသည်။

ကုန်ပစ္စည်းတင်သွင်းသူဖြစ်သည့် Ha Long Foods Import Export Co., Ltd. ၏ ဒါရိုက်တာ Truong Dinh Tung က ယခုပူးပေါင်းဆောင်ရွက်မှုသည် ဗီယက်နမ်စားသုံးသူများအတွက် မူလဇာစ်မြစ်ကိုစိစစ်ထားပြီး အရည်အသွေးတင်းကြပ်စွာထိန်းချုပ်မှုရှိသည့်ထုတ်ကုန်များကိုပိုမိုရရှိစေမည်ဖြစ်ကြောင်းနှင့် အစားအသောက် နှင့် စိုက်ပျိုးရေးကဏ္ဍတွင် နှစ်နိုင်ငံပိုမိုကျယ်ပြန့်စွာပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် အခြေခံအုတ်မြစ်ချပေးလိုက်ခြင်းဖြစ်ကြောင်း ပြောကြားထားပါသည်။

ဟိုင်ဖုန်းမြို့သို့ ပထမဆုံးတင်ပို့မှုအတွက် ၎င်းမြို့ကို ဝင်ပေါက်အဖြစ် ရွေးချယ်ခဲ့ခြင်းသည် မြို့၏ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင်၊ ဆိပ်ကမ်းဆိုင်ရာအခြေခံအဆောက် အအုံနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုများအပေါ် နိုင်ငံတကာစီးပွားရေးလုပ်ငန်းများ၏ ယုံကြည်မှုကိုပြသနေခြင်းဖြစ်ပါသည်။

ဗီယက်နမ်မြောက်ပိုင်း၏ အဓိကနိုင်ငံတကာကုန်သွယ်ရေးတံခါးပေါက်နှင့် သယ်ယူပို့ဆောင်ရေး ဗဟိုချက်တစ်ခုအဖြစ် ဟိုင်ဖုန်းမြို့သည် နှစ်နိုင်ငံကုန်သွယ်ရေးကိုပံ့ပိုးကူညီရန် သင့်တော်သောနေရာဖြစ်နေပြီး ၂၀၂၅ ခုနှစ် အစောပိုင်းတွင် နှစ်နိုင်ငံဆက်ဆံရေးကို မဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးအဖြစ်အဆင့်မြှင့်တင်ခဲ့ပြီးနောက် နှစ်နိုင်ငံအကြားစီးပွားရေးနှင့်ကုန်သွယ်ရေးဆက်ဆံမှုများလည်း တိုးတက်လျက်ရှိပါသည်။

ဟိုင်ဖုန်းမြို့နှင့် ချက်ခ်(Czech)သမ္မတနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ အဟုန်ရရှိလာခဲ့ပြီးနောက် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလကုန်တွင် ဟိုင်ဖုန်းကိုယ်စား လှယ်အဖွဲ့သည် ချက်ခ်(Czech)သမ္မတနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးအစီအစဉ်တစ်ခုကိုပြုလုပ်ခဲ့ပြီး ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းသစ်များကို ဖွင့်လှစ်ပေးနိုင်ခဲ့ကာမြို့၏ နိုင်ငံတကာမိတ်ဖက်ကွန်ရက်ကို ပိုမိုအားကောင်းလာစေခဲ့ပါ သည်။ နှစ်နိုင်ငံအကြားခိုင်မာသောချစ်ကြည်ရေးကိုတည်ဆောက်ပြီး ဟိုင်ဖုန်းမြို့နှင့်ချက်ခ် (Czech)စီးပွားရေးလုပ်ငန်များအကြား ချိတ်ဆက်မှုများကိုတိုးချဲ့ခြင်းဖြင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများသည် အနှစ်သာရရှိရှိ၊ ထိရောက်စွာနှင့်ရေရှည်တည်တံ့သောနည်းလမ်းဖြင့် ဆက်လက်ဖွံ့ဖြိုးတိုးတက် သွားမည်ဖြစ်ကာ ဗီယက်နမ်နှင့် ချက်ခ်သမ္မတနိုင်ငံအကြားချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများပိုမိုကျယ်ပြန့်လာမည်ဖြစ်ပါသည်။

Source:          https://en.vietnamplus.vn/first-czech-pork-shipment-officially-enters-vietnamese-market-post348671.vnp

(သန္တာစိုးရီ၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News