International News

ဝန်ထမ်းများအား ဝယ်ယူသုံးစွဲသူများ၏နှောင့်ယှက်မှုမှ ကာကွယ်နိုင်မည့်စီမံချက်များကို ဂျပန်ကုမ္ပဏီများအနေဖြင့် ရေးဆွဲရန်လိုအပ်လာမည်

Last Updated:

ဂျပန်ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများအား ဝယ်ယူသုံးစွဲသူများ၏နှောင့်ယှက်ခြင်းမှ ကာကွယ်နိုင်မည့်စီမံချက်များရေးဆွဲကြရန် ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက ၁၉-၇-၂၀၂၄ ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါသတင်း၌ ဂျပန်ကုမ္ပဏီများအနေဖြင့် ဝန်ထမ်းများအား ဝယ်ယူသုံးစွဲသူများ၏နှောင့်ယှက်ခြင်းမှ ကာကွယ်နိုင်မည့်စီမံချက်များ ရေးဆွဲတင်ပြရမည့်မူဝါဒကို ၁၉-၇-၂၀၂၄ ရက်နေ့တွင် ကျင်းပခဲ့သည့် ကျွမ်းကျင်သူအဖွဲ့၏ အစည်းအဝေးအစီရင်ခံစာမူကြမ်းတွင်လည်း ဖော်ပြထားသည်ကို တွေ့ရှိရကြောင်း၊ အဆိုပါမူဝါဒတွင် ဝယ်ယူသုံးစွဲသူများ၏နှောင့်ယှက်ခြင်းကို အချက် ၃ ချက်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားကြောင်း၊ “ဝယ်ယူသုံးစွဲသူများ၏နှောင့်ယှက်ခြင်း”ဆိုသောဝေါဟာရတွင် အများပြည်သူလက်ခံနိုင်သော အပြောအဆို၊ အပြုအမူထက် ကျော်လွန်သောပြောဆိုပြုမူမှုများ၊ ဝန်ထမ်းများ၏ လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ထိခိုက်စေသည့်အပြောအဆိုနှင့် အပြုအမူများ၊ ဝယ်ယူသုံးစွဲသူများ သို့မဟုတ် စီးပွားရေးမိတ်ဖက်များ ကဲ့သို့သောသူများမှ ထိခိုက်နာကျင်အောင် အကြမ်းဖက်ပြုမူခြင်းစသည်တို့ပါဝင်ကြောင်း၊ ဥပမာအားဖြင့် ဆောင်ရွက်ပေးရန်ခက်ခဲသော၊ ကျိုးကြောင်းဆီလျော်မှုမရှိသော တောင်းဆိုမှုများပြုလုပ်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း သို့မဟုတ် ထိခိုက်ဒဏ်ရာရရှိစေခြင်း၊ ရိုင်းစိုင်းသောအပြောအဆို၊ အသုံးအနှုန်း၊ အပြုအမူများဖြင့် စိတ်ပိုင်းဆိုင်ရာထိခိုက်စေခြင်း၊ ခြိမ်းခြောက်ခြင်းနှင့် လုပ်ငန်းခွင်နေရာမှ ထွက်ခွာရန်ငြင်းဆိုခြင်းကဲ့သို့သောလုပ်ဆောင်မှုများ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

အစီရင်ခံစာမူကြမ်းတွင် “ဖြစ်နိုင်ချေရှိသော နှောင့်ယှက်သူများ” အဖြစ် ဝယ်ယူသုံးစွဲသူများအပြင် ရထားဘူတာရုံများ၊ လေဆိပ်များနှင့် အများပြည်သူသုံးအဆောက်အဦများကို အသုံးပြုသူများနှင့် အိမ်နီးချင်းနေထိုင်သူများကိုလည်း ထည့်သွင်းဖော်ပြထားကြောင်း၊  ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအနှောင့်အယှက်ဖြစ်စေသည့်အပြုအမူ သို့မဟုတ် အပြောအဆိုတစ်ခုပင်လျှင် ဝန်ထမ်းများ၏လုပ်ငန်းခွင်ပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်ပြီး နှောင့်ယှက်ခြင်းဟု ယူဆနိုင်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့်လူမှုဖူလုံရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်၌ ဝန်ထမ်းများအနေဖြင့် ဝယ်ယူသုံးစွဲသူများ၏နှောင့်ယှက်မှုကို တွေ့ကြုံရသည့်အခါ ဖြေရှင်းနိုင်မည့် ကြိုတင်စီမံချက်များရေးဆွဲထားမှု၏ အရေးပါမှုကိုလည်း အလေးပေးဖော်ပြထားကြောင်း၊ ကုမ္ပဏီများအနေဖြင့် ဝယ်ယူသုံးစွဲသူများနှင့်ပြောဆိုပြုမူရာတွင် လုပ်ဆောင်ရမည့်လက်စွဲစာအုပ်များပြုစုထားရန် လိုအပ်ကြောင်း၊ ဝယ်ယူသုံးစွဲသူများသာမက စီးပွားရေးမိတ်ဖက်များ၏ နှောင့်ယှက်မှုများကိုလည်း ကိုင်တွယ်ဖြေရှင်းနိုင်မည့်အစီအမံများကို ထည့်သွင်းစဉ်းစားရန် ကုမ္ပဏီများကို တိုက်တွန်းထားကြောင်း၊ ထို့ပြင် အစီရင်ခံစာမူကြမ်းတွင် ကျောင်းသားများနှင့် အခြားသူများအား အလုပ်အင်တာဗျူးများတွင် ကုမ္ပဏီဝန်ထမ်းများမှ "အလုပ်ရှာဖွေခြင်းကို နှောင့်ယှက်မှု" ဆိုင်ရာအပြောအဆို၊ အပြုအမူများကို ကာကွယ်နိုင်မည့်အစီအမံများလည်း ရေးဆွဲဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အင်တာဗျူးများအတွက် စည်းမျဉ်းများ ချမှတ်ခြင်းနှင့် တိုင်ပင်ဆွေးနွေးမှုစနစ်များဖော်ဆောင်ခြင်းကဲ့သို့သောလုပ်ငန်းစဉ်များကို ထည့်သွင်းသတ်မှတ်ထားကြရန် ဂျပန်နိုင်ငံ၊ ကျန်းမာရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနက အကြံပြုတိုက်တွန်းထားကြောင်း ဖော်ပြထားပါသည်။

ထို့ပြင် ၂၀၂၅ ဘဏ္ဍာနှစ်ကုန်တွင် သက်တမ်းကုန်ဆုံးမည့် ယာယီအက်ဥပဒေဖြစ်သော Act on the Promotion of Women’s Active Engagement in Professional Life ကိုလည်း သက်တမ်းတိုးမြှင့်ပေးရန် ဂျပန်နိုင်ငံ၊ ကျန်းမာ ရေး၊ အလုပ်သမားနှင့် လူမှုဖူလုံရေးဝန်ကြီးဌာနအနေဖြင့် ဂျပန်အစိုးရကို အဆိုပြုတင်ပြထားကြောင်း၊ လက်ရှိတွင် အဆိုပါအက်ဥပဒေ၌ ဝန်ထမ်း ၃၀၀ ဦးနှင့်အထက်ရှိသော ကုမပဏီများအနေဖြင့် ကျား-မခွဲခြား၍ လစာပေးအပ်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ဖော် တင်ပြရန်ပြဌာန်းထားကြောင်း၊အနာဂတ်တွင် ဝန်ထမ်း ၁၀၀ ဦးအထက် ရှိသည့် ကုမ္ပဏီများအားလုံးမှ ကျား-မခွဲခြား၍လစာပေးအပ်မှုဆိုင်ရာ အချက်အလက်များကို ထုတ်ဖော်တင်ပြစေရေး ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဝယ်ယူသုံးစွဲသူများအား နှောင့်ယှက်ခြင်းဟူ၍ ယူဆနိုင်သည့်ကိစ္စရပ်နမူနာများမှာ စာချုပ်ပါစည်းမျဉ်းများ သို့မ ဟုတ် ဝန်ဆောင်မှုဆိုင်ရာ သဘောတူညီချက်များကို သိသိသာသာကျော်လွန်တောင်းဆိုမှုများ၊ ရိုက်နှက်ခြင်း၊ ကန်ခြင်းနှင့် တံတွေးထွေးခြင်းကဲ့သို့သော ကိုယ်ထိလက်ရောက်စော်ကားသည့်အပြုအမှုများ၊ ခွင့်ပြုချက်မရှိဘဲ ဝန်ထမ်းများ၏အမည်များကို အင်တာနက်ပေါ်တွင်တင်ခြင်း၊ ဝန်ထမ်းများအား ဒူးထောက်ခိုင်းခြင်း၊ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံရိုက်ခြင်း၊ မကြာခဏတိုင်ကြားမှုများပြုလုပ်ခြင်း၊ ဝန်ထမ်းတစ်ဦး၏အချိန်ကို များစွာရယူခိုင်းစေခြင်း၊ ထွက်ခွာရန် ငြင်းဆန်ခြင်းနှင့် ကြာရှည်စွာ ဖုန်းခေါ်ဆိုခြင်းတို့ဖြစ်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Mainichi (၂၂-၇-၂၀၂၄)  

Category: International News