ပနားမားအပင်ရောဂါပိုးမွှား(Panama Disease)ပျံ့နှံဖြစ်ပွားခဲ့သည့်ကြားမှ ဖိလစ်ပိုင်နိုင်ငံသည် ကမ္ဘာ့တတိယအများဆုံးငှက်ပျောသီးတင်ပို့သည့်နိုင်ငံအဖြစ် ဆက် လက်ရပ်တည်လျက်ရှိပါကြောင်း နိုင်ငံတကာအစီရင်ခံစာများအရ သိရှိရပါသည်။ ၂၀၂၄ ခုနှစ်အတွင် ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးတင်ပို့မှုသည် မက်ထရစ်တန်ချိန် ၂.၃ သန်းရှိခဲ့ပြီး ၂၀၂၃ ခုနှစ်က တန်ချိန် ၂.၃၅ သန်းဖြစ်သည့်အတွက် နှိုင်းယှဉ်မည်ဆိုလျှင် ကျဆင်းခဲ့ပါကြောင်း၊ ထို့အတွက် ကမ္ဘာ့အဆင့်သတ်မှတ်ချက်တတိယနေရာတွင် ၂ နှစ်ဆက်တိုက် ဆက်လက်တည်ရှိနေခြင်းဖြစ်ပါသည်။
Food and Agriculture Organization of the United Nations(FAO)မှ ဇန်နဝါရီ လက ထုတ်ပြန်သည့် မပြင်ဆင်ရသေးသည့် အစီရင်ခံစာတွင် မူလက ကိုလံဘီယာနိုင်ငံသည် ငှက်ပျောသီးမက်ထရစ်တန်ချိန် ၂.၂၈၇ သန်းတင်ပို့ခဲ့ပြီး ကမ္ဘာ့အဆင့်တတိယနေရာတွင်ရှိခဲ့ပါသည်။ အီကွေဒေါနိုင်ငံသည် ၂၀၂၄ ခုနှစ်အတွင်း ငှက်ပျော သီးတန်ချိန် ၆ သန်းတင်ပို့ခဲ့ပြီး ပထမအဆင့်နေရာတွင်ရှိနေပါကြောင်း၊ ကိုစတာရီကာနိုင်ငံသည့် တန်ချိန် ၂.၄ သန်းတင်ပို့ခဲ့ပြီး ဒုတိယအဆင့်တွင် ရပ်တည်လျက်ရှိပါကြောင်းဖော်ပြပါရှိပါသည်။ ဂွာတီမာလာ(Guatemala)နိုင်ငံမှ တန်ချိန် ၂.၂ သန်းတင်ပို့ခဲ့ပြီး ကိုလံဘီယာနိုင်ငံ၏နောက်တွင် ရပ်တည်လျက်ရှိပါသည်။
FAO အစီရင်ခံစာပါဖော်ပြချက်အရ Banana Fusarium Wilt Tropical Race 4 (TR4)ရောဂါပိုးမွှားသည် ဆက်လက်ပျံ့ပွားလျက်ရှိပြီး ဖိလစ်ပိုင်နိုင်ငံ၏ ငှက်ပျော သီးအထွက်နှုန်းကို ထိခိုက်စေနိုင်ပါကြောင်း၊ ထို့အတွက် ဖိလစ်ပိုင်နိုင်ငံအပါအဝင် အာရှနိုင်ငံများရှိ ငှက်ပျောသီးတင်ပို့ရောင်းချသူများကိုလည်း ထိခိုက်မှုများရှိနိုင်ပါကြောင်းဖော်ပြပါရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ ငှက်ပျောသီးအဓိက စိုက်ပျိုးသည့်ဒေသများဖြစ်သည့် မင်ဒါနာအိုဒေသရှိ ငှက်ပျောစိုက်ပျိုးမြေဧရိယာ ၈၉,၀၀၀ ဟက်တာ၏ ၄၀% သည် အဆိုပါရောဂါပိုးမွှား၏ သက်ရောက်မှုများရှိနေနိုင်သေးကြောင်း ဖော်ပြထားပါသည်။
ထို့အတူ အာရှဈေးကွက်များဖြစ်သော တရုတ်နှင့် ဂျပန်တို့သည်လည်း ဖိလစ်ပိုင်နိုင်ငံမှငှက်ပျောသီးဝယ်ယူတင်သွင်းမှုကို လျှော့ချသွားနိုင်ခြေရှိကြောင်း FAO မှခန့်မှန်း တွက်ချက်ထားပါသည်။ကိန်းဂဏန်း၊အချက်အလက်များအရ တရုတ်နိုင်ငံ၏ ဖိလစ်ပိုင်နိုင်ငံမှငှက်ပျောသီးတင်သွင်းမှုသည် ၂၀၂၄ ခုနှစ်တွင် ၃၂% ထိကျဆင်းခဲ့ပါ သည်။ တရုတ်နိုင်ငံ၏ ပြည်တွင်းငှက်ပျောသီးစိုက်ပျိုးထွက်ရှိမှုမြင့်မားလာခြင်း၊ ပထဝီနိုင်ငံရေးတင်းမာမှုများကြောင့် တရုတ်ဈေးကွက်၏ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျော သီးတင်သွင်းမှုအပေါ် စိတ်ပါဝင်စားမှုလျော့ကျလာခြင်းတို့ကြောင့်ဖြစ်ပါသည်။ အလားတူ ဂျပန်နိုင်ငံသည်လည်း ဖိလစ်ပိုင်နိုင်ငံမှ ငှက်ပျောသီးတင်သွင်းမှုသည် ၄% ကျဆင်းခဲ့ပြီး ကမ္ဘောဒီးယား၊ အီကွေဒေါနှင့် ဗီယက်နမ်နိုင်ငံတို့မှ ပိုမိုတင်သွင်း ခဲ့ခြင်းတို့ကြောင့်ဖြစ်ပါသည်။
(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)