အရှေ့အာဖရိကရှိ ရဝမ်ဒါနိုင်ငံ(Rwanda)သည် တရုတ်နိုင်ငံနှင့် ထောပတ်သီးတင်ပို့မှုဆိုင်ရာ စာချုပ်သစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး တရုတ်စားသုံးသူများအတွက် ရရှိနိုင်သော ရဝမ်ဒါထုတ်ကုန်အမျိုးအစားများပိုမိုကျယ်ပြန့်လာသည်။
တရုတ်နိုင်ငံရှိ ရဝမ်ဒါသံရုံးက ရဝမ်ဒါနိုင်ငံမှ တရုတ်နိုင်ငံသို့ လတ်ဆတ်သောထောပတ်သီးများ တင်ပို့ရန်စစ်ဆေးခြင်း(Inspection)၊ စောင့်ကြည့်ခြင်း(Quarantine)နှင့် ကျန်းမာရေးလိုအပ်ချက်များ(Sanitary Requirements)ဆိုင်ရာ စာချုပ်(Protocol)ကို ၁၂-၁၁-၂၀၂၅ ရက်နေ့တွင် လက်မှတ်ရေးထိုး ခဲ့ကြောင်း ဖော်ပြခဲ့သည်။
ရဝမ်ဒါသံရုံး၏လူမှုကွန်ရက်စာမျက်နှာ X တွင် ယင်းသဘောတူညီချက် သည် အရည်အသွေးမြင့် ရဝမ်ဒါထောပတ်သီးများ တရုတ်ဈေးကွက်ထဲသို့ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး လူဦးရေ ၁.၄ ဘီလီယံရှိသော တရုတ်ဈေးကွက်သို့ တင်ပို့ခွင့်ရရှိသည့် ရဝမ်ဒါစိုက်ပျိုးရေးထုတ်ကုန်များ၏ ကျယ်ပြန့်မှုကို တိုးချဲ့ပေးသွားမည်ဖြစ်ပါကြောင်း ရေးသားဖော်ပြခဲ့သည်။
ရဝမ်ဒါစိုက်ပျိုးရေးနှင့် စိုက်ပျိုးရေးပို့ကုန်ကုမ္ပဏီ Bahage Foods Ltd ၏တည်ထောင်သူနှင့် ပိုင်ရှင် Angel Uwantege က တရုတ်နိုင်ငံသို့ ရဝမ်ဒါထောပတ်သီးများတင်ပို့မည့် စာချုပ်သည် ၎င်းတို့၏တင်ပို့မှုကို သိသိသာသာမြှင့်တင်ပေးလိမ့်မည်ဖြစ်ကြောင်းနှင့် ၎င်းတို့အနေဖြင့် တိုးတက်မှုအလားအလာအပေါ် ကြိုဆိုပြီး တရုတ်မိတ်ဖက်များနှင့် လက်တွဲလုပ်ဆောင်ရန် မျှော်လင့်နေပါကြောင်း မကြာသေးမီက ရှင်ဟွာသတင်းဌာန၏ တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
ရဝမ်ဒါ-တရုတ်ပူးပေါင်းဆောင်ရွက်မှုသည် တိုးတက်မှုအလားအလာ အလွန်ကြီးမားကြောင်း Angel က ထောက်ပြခဲ့သည်။ ကုန်သွယ်ရေးဆိုင်ရာသဘောတူညီချက်များ၊ ရင်းနှီးမြုပ်နှံမှုများနှင့် ယဉ်ကျေးမှု ဆိုင်ရာ ဖလှယ်မှုများ ပိုမိုဆောင်ရွက်လာနိုင်မည်ဟု မျှော်လင့်ပါကြောင်းနှင့် ကုမ္ပဏီအနေဖြင့် တရုတ်ဈေးကွက်သို့ ရဝမ်ဒါထုတ်ကုန်များပြသရန်၊ အထူးသဖြင့် ထောပတ်သီးများကို ပြသရန် China International Import Expo ကဲ့သို့သောပလက်ဖောင်းများကို စူးစမ်းလေ့လာရန် စိတ်အားထက်သန်နေပါကြောင်း ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်ဈေးကွက်ကို ယုံကြည်ပါကြောင်း၊ သက်သာသော အကောက်ခွန်မူဝါဒသည်လည်း ရဝမ်ဒါထုတ်ကုန်များအတွက် တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရန် ပိုမိုလွယ်ကူစေပါကြောင်းနှင့် ကုန်ကျစရိတ်များကို လျှော့ချပေးပြီး မိမိတို့၏ထုတ်ကုန်များအတွက် ပိုမိုယှဉ်ပြိုင်နိုင်စွမ်းရရှိစေပါကြောင်း Angel က ဖြည့်စွက်ပြောကြားခဲ့သည်။
တရုတ်နိုင်ငံသို့ ထောပတ်သီးများတင်ပို့ခွင့်ပြုသည့် စာချုပ်ကို အပြီးသတ်ခဲ့သည့် ရဝမ်ဒါ၏ ဆောင်ရွက်မှုသည် ကြီးထွားလာနေသော ဥယျာဉ်ခြံမြေကဏ္ဍ(horticulture sector)အတွက် အဓိက ဖွံ့ဖြိုးတိုးတက်မှုတစ်ခုဖြစ်ကြောင်း ရဝမ်ဒါ အမျိုးသားအင်္ဂလိပ်ဘာသာသတင်းစာ(national English-language newspaper) ဖြစ်သော The New Times က မှတ်ချက်ပြုခဲ့သည်။
ရဝမ်ဒါဥယျာဉ်ခြံမြေထုတ်ကုန်တင်ပို့သူများအသင်း (Horticulture Exporters Association of Rwanda) ၊ ဥက္ကဋ္ဌ Robert Rukundo ၏ ပြောကြားချက်အရ တရုတ်နိုင်ငံသည် ရဝမ်ဒါထောပတ်သီးများအတွက် အကြီးမားဆုံးသော ဦးတည်ရာများထဲမှ တစ်ခုအဖြစ် အလျင်အမြန်ရောက်ရှိလာနိုင်ပြီး ယခုအချိန်အထိ ဒူဘိုင်းနိုင်ငံနှင့် ဥရောပ၏ ဒေသများအပေါ် များစွာမှီခိုနေရသော ပို့ကုန်ကဏ္ဍအတွက် အရေးကြီးသော အပြောင်းအလဲတစ်ခုဖြစ်လာနိုင်ကြောင်း သိရှိရသည်။
ရဝမ်ဒါစီးပွားရေးဆိုင်ရာ သုံးသပ်သူ Teddy Kaberuka က ရဝမ်ဒါထောပတ်သီးတင်ပို့မှုစာချုပ် သည် နှစ်နိုင်ငံကြား ကုန်သွယ်မှုဆက်ဆံရေး ပိုမိုနက်ရှိုင်းစေရန်အတွက် အရေးပါသည့် ခြေလှမ်းတစ်ခုအဖြစ် ဂုဏ်ပြုပြောကြားခဲ့သည်။
Kaberuka က ယင်းသဘောတူညီချက်သည် ကော်ဖီ(coffee) နှင့် လက်ဖက်ရည်(tea)ကဲ့သို့သော ရိုးရာကုန်ပစ္စည်းများ(traditional commodities)ထက် ရဝမ်ဒါ၏တင်ပို့မှုကို ပြည့်စုံစေမည်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့သည်။ အာဖရိက-တရုတ်ပူးပေါင်းဆောင်ရွက်မှု ၏ကျယ်ပြန့်သော အဓိပ္ပာယ်သက်ရောက်မှုများနှင့်ပတ်သက်၍ ယင်းစာချုပ်ကို တန်ဖိုးမြှင့်စိုက်ပျိုးရေးထုတ်ကုန်ကုန်သွယ်မှုအတွက် စံနမူနာတစ်ခုအဖြစ် ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသို့ထောပတ်သီးတင်ပို့မည့်အဆိုပါစာချုပ်သည် ကမ္ဘာ့ရွေ့လျားမှုအမြန်ဆုံး စားသုံးသူဈေးကွက်တစ်ခု(world's most dynamic consumer market)တွင် ရဝမ်ဒါ၏ ထောပတ်သီးများကို နေရာချပေးမည့် မဟာဗျူဟာမြောက်ဝင်ပေါက်တစ်ခု(a strategic gateway) ဖြစ်လာမည်ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန (Chinese Ministry of Foreign Affairs)၏အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် တရုတ်နိုင်ငံနှင့် ရဝမ်ဒါနိုင်ငံတို့ကြား နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန် ဒေါ်လာ ၆၆၉ သန်းရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၁ ဒသမ ၄ ရာခိုင်နှုန်း တိုးတက်ခဲ့ကြောင်း တွေ့ရှိရသည်။
အရင်းမြစ်။ https://en.people.cn/n3/2025/1114/c90000-20390470.html
(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)