ထိုင်းဆန်ကို ကမ္ဘာ့ဈေးကွက်တွင် ပရီမီယံကဏ္ဍသို့ မြှင့်တင်ရန်ရည်ရွယ်သည့် ပဏာမခြေလှမ်းအဖြစ် "New Rice Economy" ကို ထိုင်းနိုင်ငံအစိုးရက ထုတ်ဖော်ပြသခဲ့ကြောင်း ဗန်ကောက်ပို့စ်သတင်းစာတွင် “New rice scheme eyes premium tag” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။
“Thai Rice for the Future Economy (New Rice Economy)” ဟူသောသဘောတရားအရ အစီအမံများဖန်တီးနိုင်ရေးကို မူအားဖြင့် အတည်ပြုခဲ့ကြောင်း၊ရေတိုအစီအမံများသည် ၂၀၂၅/၂၀၂၆ ထုတ်လုပ်မှု နှစ်အတွက် ကွင်းဆင်းဝယ်ယူခြင်းအပါအဝင် ပိုလျှံဆန်ဖြူများကို စီမံခန့်ခွဲရာတွင် အဓိကထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လျာထား ချက်မှာ စပါးတန်ချိန် ၃ သန်းရှိပြီး ပိုလျှံနေသော ဆန်စပါးကို ဝယ်ယူကာ စျေးကွက်အခြေအနေနှင့်အညီ ထုတ်လွှတ်ပေးရန် ဘတ် ၁.၆၈ ဘီလီယံဘတ်ဂျက်ဖြင့် လျာထားကြောင်း၊ စစ်ဘက်ဆိုင်ရာဌာနများနှင့် အခြားပြည်နယ်အေဂျင်စီများကဲ့သို့သော အမှန်တကယ်လိုအပ်ချက်ရှိသော အေဂျင်စီများသို့ စပါးကို ထုပ်ပိုးပြီး ရောင်းချရန် အစီအစဉ်လည်းရှိပါကြောင်း၊ အစည်းအဝေးတွင် စပါးစိုက်ပျိုးမှုပုံစံ ပိုမိုကောင်းမွန်လာစေရန် ရေရှည်အစီအမံများကို ထောက်ခံခဲ့ပြီး အထူးသဖြင့် ရာသီပေါ်စပါးစိုက်ပျိုးသည့် ဒေသအချို့ကို ဒေသအခြေအနေနှင့် စျေးကွက်ဝယ်လိုအားနှင့်ကိုက်ညီသော သီးနှံများအဖြစ် ပြောင်းလဲခြင်းကိုလည်း လေ့လာခဲ့ကြောင်း၊ အဆိုပြုထားသော မူဘောင်သည် ရိုင် ၁ သန်းကို လွှမ်းခြုံထားပြီး သက်ဆိုင်ရာအေဂျင်စီများကို အကောင်အထည်ဖော်ခြင်းမပြုမီ ကနဦးလေ့လာဆန်းစစ်ခြင်းကို သေချာစွာပြန်လည်သုံးသပ်ရန် အမျိုးသားဆန်စပါးမူဝါဒနှင့် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် Anutin Charnvirakul က ညွှန်ကြားထားကြောင်း သိရှိရပါသည်။
ထုတ်ကုန်တန်ဖိုးတိုးမြင့်လာစေရန်၊ စျေးကွက်ဝယ်လိုအားသေချာစေရန်နှင့် Hom mali ဆန်၊ ဒေသဖော်ပြသည့် ဆန်နှင့် အခြားသော အထူးဆန်အမျိုးအစားများကဲ့သို့သော ထိုင်းဆန်များ၏ထူးခြားမှုများကို စားသုံးသူများ သိရှိနားလည်လာစေရန် တောင်သူများအား တွန်းအားပေးပါကြောင်း၊ တောင်သူအုပ်စု ၂၀၀ ကို ရည်မှန်းထားပြီး ဘတ်ငွေ သန်း ၁၂၀ ရှိထားပါကြောင်း၊ ထိုင်းနိုင်ငံအလယ်ပိုင်းတွင် အရည်အသွေးမြင့်မျိုးကွဲများ ရှားပါးနေသေးသဖြင့် ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ဆန်မျိုးစေ့များပြုစုပျိုးထောင်ရန်လည်း တောင်းဆိုထားကြောင်း၊ စျေးကွက်သည် အပြောင်းအလဲပြင်းထန်နေဆဲဖြစ်ပြီး မကြာသေးမီက တရုတ်နိုင်ငံသို့ ထိုင်းဘုရင်မင်းမြတ်၏ခရီးစဉ်အတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ထိုင်းဆန်တန်ချိန် ၅၀၀,၀၀၀ ဝယ်ယူရန် အစီအစဉ်ရှိရာ ထိုင်းဆန်ဈေးနှုန်းအတွက် ကောင်းမွန်သော လက္ခဏာဖြစ်ပါကြောင်း ဝန်ကြီးချုပ် Anutin က ပြောကြားခဲ့သည်။
ထို့အပြင် ထိုင်းနိုင်ငံသည် ဆန်နှင့် စားသောက်ကုန် တန်ချိန်တစ်သိန်းကို စင်ကာပူသို့ ကြိုတင်ရောင်းချရန် သဘောတူညီခဲ့ကြောင်း၊ ဆန်စပါးမူဝါဒအစည်းအဝေးမှ အသိအမှတ်ပြုသည့်အနေဖြင့် ကမ္ဘာ့ဆန်စပါးအထွက်နှုန်း ၂၀၂၅/၂၀၂၆ အတွက် ကမ္ဘာလုံးဆိုင်ရာဆန်အစီရင်ခံစာကို အသိအမှတ်ပြုခဲ့ပြီး၊ ကမ္ဘာတစ်ဝှမ်းတွင် ဆန်စပါးအထွက်နှုန်းနှင့် စတင်လက်ကျန်(၂၀၂၄/၂၀၂၅ ခုနှစ်ကုန်ပိုင်း)စုစုပေါင်းဆန်တန်ချိန်၇၂၉ သန်း ရှိကြောင်း၊ ကမ္ဘာလုံးဆိုင်ရာစားသုံးမှုနှင့် ကုန်သွယ်မှုဝယ်လိုအားသည် ဆန်စပါးတန်ချိန် ၆၀၄ သန်းရှိခဲ့ရာ ပိုလျှံတန်ချိန် ၁၂၅ သန်းအထိရှိခဲ့ပြီး ကမ္ဘာ့ဆန်ဈေးကို ကျဆင်းစေခဲ့ကြောင်း၊ ထိုင်းနိုင်ငံအနေဖြင့် ၂၀၂၅/ ၂၀၂၆ ခုနှစ်အတွက် စုစုပေါင်းဆန်တင်ပို့မှုမှာ ဆန်တန်ချိန် ၂၇.၃ သန်း မျှော်မှန်းထားပြီး ပြည်တွင်းစားသုံးမှု၊ တင်ပို့မှု၊ သိုလှောင်မှုနှင့် မျိုးစေ့အသုံးပြုမှုပမာဏမှာ တန်ချိန် ၂၃.၅ သန်းဖြစ်ကြောင်း သိရှိရပါသည်။
Source: www.bangkokpost.com
(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)