International News

ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံသို့ ထိုင်းဆန်တန်ချိန် ၅၀၀,၀၀၀ တင်ပို့နိုင်ရေးနှင့်စပ်လျဉ်း၍ ဆွေးနွေးမှု စတင်သွားရန်ရှိ

Last Updated:

တရုတ်နိုင်ငံသို့ ထိုင်းဆန်တန်ချိန် ၅၀၀,၀၀၀ တင်ပို့မှုနှင့်ပတ်သက်၍ လယ်ယာထွက်ကုန်များ ထုတ်လုပ်တင်သွင်းခြင်းတွင် ပါဝင်ဆောင်ရွက်သည့် တရုတ်အစိုးရပိုင် Cofco ကော်ပိုရေးရှင်းနှင့် နိုင်ငံခြား ကုန်သွယ်မှုဦးစီးဌာန(DFT)တို့အကြား ဆွေးနွေးမှုစတင်သွားရန်ရှိကြောင်းကို ဗန်ကောက်ပို့စ်သတင်းစာတွင် “China rice deal negotiations in the offing” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

တရုတ်သည် ယခင်အစိုးရနှင့်အစိုးရ(G2G)ကတိကဝတ်များထက် ထူးခြားသော တန်ချိန် ၂၈၀,၀၀၀ အပါအဝင် ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၅၀၀,၀၀၀ ကို ဝယ်ယူရန် သဘောတူခဲ့ကြောင်း၊ နောက်တစ်ဆင့်မှာ ပေးပို့ရမည့် အချိန်ဇယားကို Cofco နှင့်ဆွေးနွေးညှိနှိုင်းရမည်ဖြစ် ကြောင်း၊ မိမိတို့ဌာနနှင့် Cofco အကြား ယခင်က ဆွေးနွေးမှုများပြုလုပ်ခဲ့သော်လည်း ယခုညှိနှိုင်းမှုမစတင်မီ တရုတ်အစိုးရထံမှ တရားဝင်အတည်ပြုပေးစာကို စောင့်ရမည်ဖြစ်ကြောင်း၊ ပုံမှန်အားဖြင့် တရုတ်နိုင်ငံနှင့် G2G ဆန်ဝယ်ယူမှုသဘောတူညီချက်များတွင် ပေးပို့သည့်အချိန်ကာလသည် တစ်နှစ်ဖြစ်ပြီး ယင်းကာလအတွင်း ပေးပို့မှုမပြည့်မီပါက သက်တမ်းတိုးရန် နှစ်စဉ်ညှိနှိုင်းလျက်ရှိကြောင်း၊ ယင်းသဘောတူညီချက်အတွက် ဌာနအနေဖြင့် ကောက်ညှင်းဆန်အပါအဝင် ဆန်မျိုးစုံကို ကမ်းလှမ်းဖို့ စီစဉ်ထားပြီး ယခင်ရောင်းချမှုတွင် ဆန်ဖြူ ၅ ရာခိုင်နှုန်းကို ကန့်သတ်ထားပါကြောင်း ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် Mrs. Arada Fuangtong က ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံမှ ဆန်တန်ချိန် ၅၀၀,၀၀၀ ကို တရုတ်နိုင်ငံမှ ဝယ်ယူရန် ရည်မှန်းထားသည်ဟု သတင်းများထွက်ပေါ်ပြီးနောက် စျေးကွက်သဘောထားတိုးတက်လာကြောင်း၊ ဆန်ဈေးများတည်ငြိမ်နေပြီး ထပ်မံကျဆင်းဖွယ်ရှိကြောင်း၊ ဆန်စက်များနှင့် တင်ပို့ရောင်းချသူများအပါ အဝင် သက်ဆိုင်သူများသည် တိုးတက်မှုများကို အနီးကပ်စောင့်ကြည့်နေပြီး အမှန်တကယ်ပေးပို့ရမည့်အချိန်ဇယားတွင် နောက်ထပ်အသေးစိတ်အချက်အလက်များကို စောင့်မျှော်နေသဖြင့် ကုန်များကို ကိုင်ထားပါကြောင်း၊ G2G ဆန်ရောင်းချမှုသည် လိုအပ်သော တရားဝင်လုပ်ထုံးလုပ်နည်းများနှင့် စာချုပ်အစီအစဉ်များအတွက် နှစ်လခန့် လိုအပ်သောကြောင့် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အဆိုပါတင်ပို့မှုများသည် လာမည့်နှစ်တွင်စတင်မည်ဟု မျှော်လင့်ရကြောင်း ဆန်ပို့ကုန်လုပ်ငန်းရှင်များအသင်း၏ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က ပြောကြားခဲ့သည်။

တစ်လလျှင်တန်ချိန်တစ်သိန်းကဲ့သို့ အသုတ်လိုက်တင်ပို့ပါက ပြည်တွင်း ဆန်ဈေးမြင့်တက်လာနိုင်ဖွယ်ရှိကြောင်း၊ G2G သဘောတူညီချက်အရ အစိုးရသည် ဆန်စပါးဝယ်ယူရေးဈေးကွက်တွင် အပြိုင်အဆိုင်ဖန်တီးကာ တင်ပို့ရောင်းချရန် တင်ပို့သူအများအပြားကို သတ်မှတ်ပေးကြောင်း၊ သို့သော်လည်း ယခုနှစ်တွင် ထိုင်းဆန်ကို မတင်သွင်းရသေးသည့် အင်ဒိုနီးရှားနှင့် လာမည့်နှစ် ဆန်ဝယ်ယူမည့်အစီအစဉ်ကို အပြီး သတ်နေသည့်ဖိလစ်ပိုင်တို့ကြောင့်  ဈေးနှုန်းအတက်အကျအလယ် အလတ်ရှိမည်ဟု မျှော်လင့်ရကြောင်း၊ ဇန်န၀ါရီလမှ အောက်တိုဘာလအထိ ဆန်တင်ပို့ခွင့်လိုင်စင်များ စုစုပေါင်းတန်ချိန် ၆ ဒသမ ၆၅ သန်းတင်ပို့မှုမှတ်တမ်းဝင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၂၀ ရာခိုင်နှုန်းလျော့ကျခဲ့ကြောင်း၊ ယခုနှစ်၏ ကျန်လများ(နိုဝင်ဘာနှင့် ဒီဇင်ဘာလ)တွင် တစ်လလျှင် ပျမ်းမျှတန်ချိန် ၇ သိန်းခန့်တင်ပို့ပါက ထိုင်းဆန်တင်ပို့သည် ၂၀၂၅ ခုနှစ်တွင် တန်ချိန် ၈ သန်းကျော်ရှိမည်ဟု ခန့်မှန်းထားကြောင်း Mr. Chookiat  က ဖြည့်စွက်ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News