International News

တောင်ကိုရီးယားနိုင်ငံအနေဖြင့် အမေရိကန်ပြည်ထောင်စုကို ကျော်လွန်၍ကြည့်သင့်ကြောင်း စီးပွားရေးပညာရှင်များအကြံပြု

Last Updated:

အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးနှင့် ဘဏ္ဍာရေးစနစ်တို့တွင် အဓိကဗဟိုချက်အဖြစ် ရပ်တည်နေသည့် အမေရိကန်ပြည်ထောင်စုကို အဆိုပါနေရာမှ တဖြည်းဖြည်းဘေးဖယ်ပေးနေသည့် Global Trading Order (ကမ္ဘာ့ကုန်သွယ်မှုအခြေအနေများအပေါ် သက်‌ရောက်မှုရှိစေနိုင်သည့် နိုင်ငံတကာကုန်သွယ်မှုဆိုင်ရာစည်းမျဉ်းများ၊ အဖွဲ့အစည်းများ၏မူဝါဒများနှင့် နိုင်ငံများ၏အာဏာစက်များ အလျင်အမြန်ပြောင်းလဲဖြစ်ပေါ်နေမှု)အတွက် တောင်ကိုရီးယားကဲ့သို့သောနိုင်ငံများသည် ကြိုတင်ပြင်ဆင် ထားရန်လိုကြောင်း "စင်ကာပူနိုင်ငံ၊ အမျိုးသားတက္ကသိုလ်ရှိ ပြည်သူ့ရေးရာ မူဝါဒလီကွမ်ယုကျောင်း(Lee Kuan Yew School of Public Policy)မှ စီးပွားရေးပါမောက္ခ Mr. Danny Quah က ဆိုးလ်မြို့ရှိ ကိုရီးယားဖွံ့ဖြိုးရေးတက္ကသိုလ်(Korea Development Institute- KDI)၏ ပြည်သူရေးရာမူဝါဒနှင့် စီမံခန့်ခွဲမှုကျောင်း(KDI School of Public Policy and Management)တွင် ၁၇-၁၁-၂၀၂၅ ရက်နေ့က ကျင်းပသည့်ညီလာခံ၌ အကြံပြုပြောကြားခဲ့ပါသည်။

တန်းတူညီမျှသောအခြေအနေများဖြင့် ပူးပေါင်းဆောင်ရွက်မည်ဆိုပါက တောင်ကိုရီးယားနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်လိုသည့်နိုင်ငံ မရှားပါကြောင်း၊ လက်ရှိတွင် အမေရိကန်ပြည်ထောင်စုသည် ကမ္ဘာ့ကုန်သွယ်မှုမှသီးသန့်ခွဲထွက်၍ အထီးကျန်နေချိန်တွင် တောင်ကိုရီးယားနိုင်ငံကဲ့သို့သောနိုင်ငံများသည် အရှေ့တောင်အာရှနိုင်ငံများနှင့်ပိုမိုကောင်းမွန်သော စီးပွားရေးဆက်ဆံရေးကို ဖွံ့ဖြိုးတိုးတက်စေရန် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ အထူးသဖြင့် အာဆီယံသည်ကိုရီးယားနိုင်ငံ၏ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးချဲ့ရန်အတွက် အဓိကပလက်ဖောင်းတစ်ခုဖြစ်ပါကြောင်း၊ အမေရိကန်ပြည်ထောင်စုကို ဗဟိုပြုမှီခိုအားထားသည့်စနစ်ကိုအစားထိုးရန် “ခိုင်မာ၍ အကောင်အထည်ဖော်နိုင်စွမ်း”ရှိသည့် စီးပွား ရေးပူးပေါင်းဆောင်ရွက်မှုဟုခေါ်ဆိုနိုင်ပါကြောင်း၊  မိမိတို့အနေဖြင့် အမေရိကန်ပတ်လမ်းအပြင်ဘက်တွင်  ကမ္ဘာတစ်ခုတည်ဆောက်ကာ အချင်းချင်းအပြန်အလှန်ထိတွေ့ဆက်ဆံမှုမြှင့်တင်ရန်လိုပါကြောင်း Mr. Danny Quah က ဆွေးနွေးခဲ့ပါသည်။

ထို့ပြင် အမေရိကန်ပြည်ထောင်စု၏ စည်းကြပ်ခွန်ကောက်ခံမှုအပေါ် အာဆီယံအဖွဲ့ဝင်များ၏ တစ်နိုင်ငံချင်းစီတုံ့ပြန်မှုများကို ထောက်ပြဝေဖန်ခဲ့ပါသည်။ တစ်နိုင်ငံချင်းစီတုံ့ပြန်မှုအစား စုပေါင်းလုပ်ဆောင်သင့်ကြောင်း၊ ကုစားမှုနည်းလမ်းတစ်ခုအဖြစ် Pathfinder Multilateralism ကို ကျင့်သုံးသင့်ကြောင်း၊ Pathfinder Multilateralism ဆိုသည်မှာ အများသဘောတူညီမှုရသည်အထိ စောင့်နေမည့်အစား ရည်ရွယ်ချက်၊ ဆုံးဖြတ်ချက်နှင့် ဆန္ဒတူညီသည့် နိုင်ငံများပါဝင်သည့် အုပ်စုငယ်တစ်စုသည် စည်းမျဉ်း(သို့)စံနှုန်းသစ်များချမှတ်ဆောင်ရွက်သည့် ပုံစံတစ်ခုဖြစ်ပါကြောင်း၊ ရရှိမည့်အကျိုးစီးပွားများသည် မက်လောက်စရာဖြစ်မည့်အတွက် ပူးပေါင်းဆောင်ရွက်မှုသည်လည်း ဆက်လက်တည်တံ့ခိုင်မြဲနိုင်ပါ ကြောင်း  Mr. Danny Quah က အကြံပြုခဲ့ပါသည်။

စည်းကြပ်ခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ အမေရိကန်ပြည်ထောင်စုနှင့်ညှိနှိုင်းရာတွင် အားထုတ်မှုအများဆုံးပြုလုပ်ခဲ့သော ကိုရီးယားနိုင်ငံ၊ ဂျပန်နိုင်ငံနှင့် ဗီယက်နမ်နိုင်ငံအပါအဝင် နိုင်ငံများသည် အကျိုးအမြတ်မရသည့်အပြင် မကြာခဏဆိုသလို ပိုမိုဆိုးဝါးသည့် အခြေအနေသို့ ရောက်ရှိခဲ့ကြောင်း၊ လက်ရှိတွင် ကမ္ဘာ့နိုင်ငံများသည် အမေရိကန်ပြည်ထောင်စုကို ရှောင်ကြဉ်၍ ကုန်သွယ်မှုပြုနေကြကြောင်း၊ သို့ဖြစ်၍ ကမ္ဘာ့ကုန်သွယ်ရေးလောကမှ အမေရိကန်ပြည်ထောင်စုကို ပယ်ချထားသည့် G-minus ကမ္ဘာသို့ ပိုမိုရွေ့လျားနိုင်ကြောင်း၊ အကယ်၍ ဝါရှင်တန် သည် တောင်ကိုရီးယားနိုင်ငံနှင့် စီးပွားရေးလုပ်ရန်အတွက် ကုန်ကျ စရိတ်များကို လက်ရှိထက် ပိုမိုကုန်ကျစေရန် ဦးတည်ဆောင်ရွက်လာပါက မည်သည့်နေရာသို့ လှည့်သွားရမည်ဆိုသည်ကို တောင်ကိုရီးယားက စဉ်းစားထားရန်လိုပါကြောင်း၊ သို့ဖြစ်၍ တောင်ကိုရီးယားနိုင်ငံ၏ စက်မှုဆိုင်ရာမူဝါဒသည် အခြားနိုင်ငံများနှင့် ကုန်သွယ်မှုအပေါ် ပိုမို ဦးစားပေးသင့်ကြောင်း Mr. Danny Quah က အကြံပြုခဲ့ပါသည်။

Source: Korean Herald (https://www.koreaherald.com/article/10617826)

(ပပ၊ စီးပွားရေးသံမှူး၊ ဆိုးလ်မြို့)

Category: International News