International News

အိန္ဒိယနိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ စိုက်ပျိုးရေးပစ္စည်းအချို့အပေါ် အပြန်အလှန်အခွန်လျှော့ချမှုများမှ အကျိုးအမြတ်ရရှိမည်ဟု အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံသည် လက်ဖက်ရည်၊ ကော်ဖီနှင့် ဟင်းခတ်အမွှေးအကြိုင်များကဲ့သို့သော စိုက်ပျိုးရေးထွက်ကုန်အချို့အပေါ် အမေရိကန်ပြည်ထောင်စုမှ အပြန်အလှန်အခွန်စည်းကြပ်မှုများ(Reciprocal tariffs)ကို ပြန်လည်ရုပ်သိမ်းရန် ဆုံးဖြတ်ချက်မှ အကျိုးအမြတ်ရရှိမည်ဟု မျှော်လင့်ရကြောင်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနက ယခုလ ၁၇ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့သော အိမ်ဖြူတော်၏အုပ်ချုပ်မှု ဆိုင်ရာ အမိန့်အရ ကော်ဖီ၊ လက်ဖက်ရည်၊ အပူပိုင်းဒေသသစ်သီးများ၊ သစ်သီးဖျော်ရည်များ၊ ကိုကိုး၊ ဟင်းခတ်အမွှေးအကြိုင်များ၊ ငှက်ပျော သီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ အမဲသားနှင့် ဓာတ်မြေဩဇာအချို့တို့ကို ဧပြီလ ၂ ရက်နေ့မှစ၍ ကျင့်သုံးခဲ့သော အပြန်အလှန်အကောက်ခွန်စနစ်မှ ကင်းလွတ်ခွင့်ပြုခဲ့ပြီး အဆိုပါကင်းလွတ်ခွင့်များသည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စတင်အကျိုးသက်ရောက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနက ၎င်းသည် ကုန်သွယ်ဖက်နိုင်ငံအားလုံးနှင့်သက်ဆိုင်သော်လည်း အိန္ဒိယတင်ပို့သူများအတွက် တူညီသောအခြေအနေ(Equal Footing)ကို ဖန်တီးပေးကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံသည် အဆိုပါကုန်ပစ္စည်းများကို နှစ်စဉ် အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တန်ဖိုးအထိ တင်ပို့လျက်ရှိသည်။ အဆိုပါထုတ်ကုန်များတွင် သစ်သီးနှင့် အခွံမာသီးများ၊ ပြုပြင်ပြီး အစားအသောက်များ၊ ဟင်းခတ်အမွှေးအကြိုင်များ၊ လက်ဖက်ရည်နှင့် ကော်ဖီ၊ မရှိမဖြစ်လိုအပ်သောဆီများ၊ ဟင်းသီးဟင်းရွက်နှင့် စားသုံးနိုင်သောအမြစ်များ (Edible roots)ပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။

အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာနမှ တွဲဖက်အတွင်းဝန် Darpan Jain က "ယခုအခါ ကျွန်တော်တို့ရဲ့ တင်ပို့ကုန်တွေဟာ တူညီတဲ့အခြေအနေကို ရရှိသွားပါပြီ"ဟု သတင်းထောက်များအား ပြောကြား ခဲ့သည်။

သို့ရာတွင် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုသုတေသနဌာန(GTRI)ကမူ အိန္ဒိယနိုင်ငံသည် အမေရိကန်၏ အဆိုပါအပြောင်းအလဲလုပ်ရပ်မှ အကျိုးအမြတ်အနည်းငယ်သာရရှိမည်ဟု ပြောကြားခဲ့ကြောင်းသိရသည်။

GTRI ကို တည်ထောင်သူ Ajay Srivastava က "အိန္ဒိယနိုင်ငံဟာ ကင်းလွတ်ခွင့်ရရှိတဲ့ အကြီးဆုံးကုန်ပစ္စည်းအမျိုးအစားများဖြစ်တဲ့ ခရမ်း ချဉ်သီး၊ လိမ္မော်သီး၊ ဖရဲသီး၊ ငှက်ပျောသီး၊ လတ်ဆတ်တဲ့ သစ်သီးအများစုနဲ့ သစ်သီးဖျော်ရည်တွေမှာ ဈေးကွက်ဝေစု လုံးဝနီးပါးမရှိပါဘူး" ဟု ပြောကြားခဲ့သည်။

၎င်းက အမေရိကန်၏ အကောက်ခွန်မူဝါဒပြောင်းလဲမှုသည် ဟင်းခတ်အမွှေးအကြိုင်များနှင့် အထူးစိုက်ပျိုးရေးကဏ္ဍတို့တွင် အိန္ဒိယ၏ ယှဉ်ပြိုင်မှုအားသာချက်(Competitive Advantage)ကို အနည်းငယ်မြှင့်တင်ပေးနိုင်သော်လည်း အိန္ဒိယနိုင်ငံအနေဖြင့် ထုတ်လုပ်မှုပမာဏကို ချဲ့ထွင်ခြင်း၊ အအေးခန်းသိုလှောင်မှုစွမ်းရည်ကို တည်ဆောက်ခြင်းနှင့် ၎င်း၏ စိုက်ပျိုးရေးတင်ပို့မှုအမျိုးအမယ်များကို အမျိုးအစားခွဲခြားခြင်းတို့မပြုလုပ်ပါက ပိုမိုကျယ်ပြန့်သော အကျိုးအမြတ်များသည် အဓိကအားဖြင့် လက်တင်အမေရိက၊ အာဖရိကနှင့် အာဆီယံစိုက်ပျိုးရေးတင်ပို့သူကြီးများထံသို့သာ ရောက်ရှိမည်ဟု ပြောကြားခဲ့သည်။

Source:    The Hindu Businessline, India to gain from US reciprocal tariff cuts on some agri items: Commerce ministry, November 18, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News