ကဘူးလ်နှင့် အစ္စလာမာဘတ်တို့အကြား တင်းမာမှုများဖြစ်ပွားနေချိန်တွင် အာဖဂန်နစ္စတန်နိုင်ငံ၏ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး Alhaj Nooruddin Azizi သည် အာဖဂန်နစ္စတန်စိုက်ပျိုးရေးထွက်ကုန် များတင်ပို့ခြင်းအပါအဝင် ကုန်သွယ်ရေးဆက်ဆံမှုများတိုးချဲ့ရန်အတွက် အိန္ဒိယနိုင်ငံသို့ ယခုလ ၁၉ ရက်မှ စတင်၍ ငါးရက်ကြာခရီးစဉ်ရောက်ရှိနေကြောင်း သိရသည်။
အာဖဂန်နစ္စတန်တာဝန်ရှိသူများက နှစ်ဖက်စလုံးသည် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏတိုးချဲ့ ရေး၊ အထူးသဖြင့် အိန္ဒိယနိုင်ငံသို့ စိုက်ပျိုးရေးတင်ပို့မှုများ၊ အိန္ဒိယနိုင်ငံ၏ ဆေးဝါးများ၊ စက်ပစ္စည်းများနှင့် အထည် အလိပ်များတင်ပို့မှုကိုမြှင့်တင်ရေး၊ လေကြောင်းကုန်စည်ပို့ဆောင်ရေးလမ်းကြောင်းများနှင့် အီရန်နိုင်ငံ၏ ချာဘာဟာဆိပ်ကမ်းမှတစ်ဆင့် ပိုမိုစိတ်ချရသော သယ်ယူပို့ဆောင်ရေးစင်္ကြံများ ထူထောင်ရေး၊ အာဖဂန်နစ္စတန်ဘဏ်များသည် SWIFT သို့ ဝင်ရောက်ခွင့်ဆုံးရှုံးပြီးနောက် ရပ်တန့်သွားခဲ့သော ငွေပေးချေမှုလမ်းကြောင်းများပြန်လည်ထူထောင်ရေးနှင့် ယခင် အိန္ဒိယ-အာဖဂန်နစ္စတန်လေကြောင်းကုန်စည်ပို့ဆောင်ရေးစင်္ကြံကို ပြန်လည်အသက်သွင်းရေးတို့နှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဆွေးနွေးဖွယ်ရှိကြောင်း ပြောကြားခဲ့သည်။
၎င်း၏အဆိုပါခရီးစဉ်သည် အိန္ဒိယနိုင်ငံက ကဘူးလ်မြို့ရှိ သံတမန်ရေးရာမစ်ရှင်ကို အဆင့်မြှင့်တင်ခြင်းဖြင့် နှစ်နိုင်ငံဆက်ဆံရေးတွင် အခန်းကဏ္ဍသစ်တစ်ခု ဖွင့်လှစ်ပေးခဲ့သော အာဖဂန်နစ္စတန်နိုင်ငံခြား ရေးဝန်ကြီး Amir Khan Muttaqi ၏ခရီးစဉ်အပြီး နှစ်လအတွင်း ရောက်ရှိလာခြင်းဖြစ်ကြောင်းတွေ့ရှိရသည်။ ပါကစ္စတန်နိုင်ငံသည် ကဘူးလ်၏ အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးတိုးတက်လာမှုအပေါ် စိတ်ပျက်ပြီး နယ်စပ်ဖြတ်ကျော်စစ်ရေးတိုက်ခိုက်မှုများပြုလုပ်ခဲ့သည်။ ကဘူးလ်ကလည်း အပြန်အလှန်လက်တုံ့ပြန်ခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများမှာ အနည်း ငယ်သာအောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ Azizi ၏ ခရီးစဉ်သည် ပါကစ္စတန်နိုင်ငံနှင့် ပဋိပက္ခများဖြစ်ပွားပြီးနောက် အဆိုပါနိုင်ငံက ၎င်း၏ကုန်းလမ်းနယ်စပ်ကို ပိတ်လိုက်သည့်အချိန်တွင်ရောက်ရှိလာခြင်းဖြစ်ပြီး ယင်းကြောင့် သစ်သီးများကဲ့သို့သော အာဖဂန်နစ္စတန်၏တင်ပို့ကုန်များအတွက် ကြီးမားသောဆုံးရှုံးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းနှင့် တာလီဘန်အစိုးရက ၎င်း၏ကုန်သည်များအား အခြားနိုင်ငံများသို့ ၎င်းတို့၏ကုန်သွယ်မှုကို အမျိုးအစားခွဲခြားလုပ်ဆောင်ရန် အကြံပြုထားကြောင်း သိရသည်။
Source: Economic Times, Afghan commerce minister seeks support for exports, imports from India, Nov 20, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)