International News

တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ဂျပန်နိုင်ငံ၏ တင်သွင်းကုန်များကို ရပ်ဆိုင်းရန် စီစဉ်နေသည့် သတင်းများကြောင့် အိန္ဒိယပင်လယ်စာတင်ပို့သူများ အကျိုးအမြတ်ရရှိ

Last Updated:

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ဂျပန်နိုင်ငံမှ ပင်လယ်စာတင်သွင်းမှုများကို ရပ်ဆိုင်းရန် စီစဉ်နေကြောင်း အဆိုပါနိုင်ငံအား အသိပေးခဲ့သည့် မီဒီယာသတင်းများထွက်ပေါ်လာပြီးနောက် ယခုလ ၁၂ ရက်နေ့တွင် အိန္ဒိယပင်လယ်စာတင်ပို့သူအရေအတွက် ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့သည်။ အဆိုပါရပ်ဆိုင်းမှုသည် အိန္ဒိယနိုင်ငံကဲ့သို့သော အခြားရွေးချယ်စရာတင်ပို့ရောင်းချသူများထံသို့ ဝယ်လိုအားကို ပြောင်းလဲစေနိုင်ကြောင်း Reuters သတင်းဌာနက ယခုလ ၁၉ ရက်တွင် ဖော်ပြ သည်။

ဝယ်လိုအားမြင့်တက်လာနိုင်မှုသည် အိန္ဒိယပင်လယ်စာတင်ပို့သူများအတွက် အသက်ကယ်ဆေးတစ်ရပ်ဖြစ်လာနိုင်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့အနေဖြင့် ၎င်းတို့၏ အကြီးဆုံးဈေးကွက်ဖြစ်သည့် အမေရိကန်ပြည်ထောင်စုက ချမှတ်ထားသော မြင့်မားသည့် အကောက်ခွန်များကြောင့် ဖိအားပေးခံနေရပြီး အမေရိကန်ပြည်ထောင်စုရှိ Walmart နှင့် Kroger ကဲ့သို့သော ကြီးမားသောလက်လီရောင်းချသူများကလည်း ၎င်းတို့၏ဖောက်သည်များတွင် ပါဝင်ကြောင်း သိရသည်။

ပြီးခဲ့သည့်နှစ်က အိန္ဒိယနိုင်ငံမှ ကမ္ဘာလုံးဆိုင်ရာ ပင်လယ်စာတင်ပို့မှုစုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၇ ဒသမ ၄ ဘီလီယံရှိခဲ့ပြီး ပုစွန်က ၄၀ ရာခိုင်နှုန်းအထိပါဝင်ခဲ့ကြောင်း တွေ့ရှိရသည်။

အကောက်ခွန်ပြဿနာသည် တင်ပို့မှုအပေါ် ဖိအားဖြစ်စေသောကြောင့် ကုမ္ပဏီများသည် ၎င်းတို့၏တင်ပို့သည့်ဈေးကွက်များကို အမျိုးအစားခွဲခြားရန်ကြိုးပမ်းနေကြောင်း Geojit Financial Services မှ အစု ရှယ်ယာသုတေသနလေ့လာသူ Vincent K Andrews က ပြောကြားခဲ့သည်။ ၎င်းက အခွင့်အလမ်းအသစ်တိုင်းသည် အဆိုပါကဏ္ဍအတွက် ကောင်းမွန်သောသတင်းဖြစ်သည်ဟု ပြောကြား ခဲ့သည်။

အိန္ဒိယပုစွန်တင်ပို့သူ Avanti Feeds ၏ ရှယ်ယာတန်ဖိုးများ ၁၁ ရာခိုင် နှုန်းအထိမြင့်တက်ခဲ့ပြီး နှစ်လကျော်အတွင်း ၎င်းတို့၏ နေ့တွင်းချင်းရရှိသည့် အကြီးဆုံးအမြတ်ဖြစ်ကာ စွမ်းဆောင်ရည်အကောင်းဆုံးစာရင်းတွင် ထိပ်ဆုံးမှ ရပ်တည်ခဲ့ကြောင်း တွေ့ရှိရသည်။

ဧပြီလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့မှုများ တိုးမြှင့်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့သည့် Coastal Corporation ၏ရှယ်ယာများ သည်လည်း ၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး အောက်တိုဘာလ ၂၄ ရက်နေ့နောက်ပိုင်းအမြင့်ဆုံးနှုန်းဖြစ်ကြောင်း သိရသည်။

Source:    Reuters, Indian seafood exporters gain on report of China suspending Japanese imports, November 19, 2025

(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကောလ်ကတ္တားမြို့)

Category: International News