International News

စင်ကာပူနိုင်ငံ၏တင်ပို့မှု အောက်တိုဘာလတွင် ယခင်နှစ်ထက် ၂၂.၂ ရာခိုင်နှုန်းတိုးတက်

Last Updated:

Artificial Intelligence(AI)နှင့် Chip များဝယ်လိုအားမြင့်တက်မှုကြောင့် အောက်တိုဘာလတွင် စင်ကာပူနိုင်ငံ၏တင်ပို့မှု တိုးတက်ခဲ့ပါသည်။ စက်သုံးဆီမှအပ ကျန်ကုန်စည်များတင်ပို့မှုမှာ ယခင်နှစ်ကထက် ၂၂.၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းများအပေါ် အခွန်စည်းကြပ်လာနိုင်သော်လည်း ၂၀၂၅ ခုနှစ်တွင် တင်ပို့မှုတိုးတက်မည်ဖြစ်ကြောင်း၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တစ်ပိုင်းလျှပ်ကူးပစ္စည်းဝယ်လိုအားသည် အမေရိကန်နိုင်ငံမှ ဝယ်လိုအားကျဆင်းမှုကို ခုနှိမ်နိုင်မည်ဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ခန့်မှန်းထားပါသည်။

UOB ဘဏ်၏ စီးပွားရေးပညာရှင် Jester Koh က စင်ကာပူနိုင်ငံ၏ စက်သုံးဆီမှအပ ကျန်ကုန်စည်များတင်ပို့မှုမှာ ၄.၁ ရာခိုင်နှုန်းတိုးတက်လာကြောင်း၊ OCBC ဘဏ်၏ စီးပွားရေးပညာရှင်ခေါင်းဆောင် Selena Ling က ဘဏ်အနေဖြင့် ၂၀၂၅ ခုနှစ်အတွက် စီးပွားရေးတိုးတက်မှုမှာ ၄ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကြောင်း၊၂၀၂၆ ခုနှစ်အတွက် စက်သုံးဆီ မှအပ ကျန်ကုန်စည်များတင်ပို့မှုမှာ ၁ ရာခိုင်နှုန်းမှ ၃ ရာခိုင်နှုန်းအကြားရှိမည်ဟု ခန့်မှန်းကြောင်း ပြောကြားခဲ့ပါသည်။

Oxford Economics လုပ်ငန်းက လာမည့်သုံးလပတ်တာကာလများအတွင်း အာဆီယံနိုင်ငံများ၏ တင်ပို့နိုင်မှုမှာ အခြားဒေသတွင်းနိုင်ငံများထက် ပိုမိုကောင်းမွန်ရန် အလားအလာရှိကြောင်း ပြောကြားခဲ့ပါသည်။ Oxford Economics ၏အကြီးတန်းစီးပွားရေးပညာရှင် Sheana Yue က တရုတ်နိုင်ငံ၏ပို့ကုန်ပြောင်းလဲမှုဖြစ်စဉ်ကြောင့် အာဆီယံနိုင်ငံများက ကုန်စည်ထောက်ပံ့ပေးသွင်းမှုကွင်းဆက်များကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်း၊ အကျိုးဆက်အနေဖြင့် စင်ကာပူနိုင်ငံမှတစ်ဆင့် ကုန်စည်များပြန်လည်တင်ပို့သည့် ပမာဏမြင့်တက်စေခဲ့ကြောင်း၊ အမေရိကန်နိုင်ငံက တင်ပို့မှုအပေါ် အခွန်စည်းကြပ်မှုများဆက်လက်မပြုလုပ်ပါက ၂၀၂၅ ခုနှစ်အတွက် စင်ကာပူနိုင်ငံ၏ တင်ပို့မှုပမာဏမှာ ၆.၄ ရာခိုင်နှုန်း နှင့် ၂၀၂၆ ခုနှစ်တွင် ၁.၁ ရာခိုင်နှုန်းတိုးတက်နိုင်ကြောင်း ပြောကြားခဲ့ပါသည်။ Oxford Economics သည် ယခင်က ၂၀၂၅ ခုနှစ်အတွက် တင်ပို့မှုကို ၅.၃ ရာခိုင်နှုန်းဟု ခန့်မှန်းခဲ့ပါသည်။

အမေရိကန်နိုင်ငံ၏ လျှပ်စစ်ပစ္စည်းများအပေါ် ကင်းလွတ်ခွင့်ကြောင့် စင်ကာပူနိုင်ငံ၏ လျှပ်စစ်ပစ္စည်းတင်ပို့မှုမှာ စက်တင်ဘာလတွင် ၃၀.၄ ရာခိုင်နှုန်းရှိပြီး အောက်တိုဘာလ၌ ၃၃.၂ ရာခိုင်နှုန်းရှိခဲ့ပါသည်။ ကိုယ်ပိုင်သုံးကွန်ပြူတာတင်ပို့မှုမှာ ၇၇.၇ ရာခိုင်နှုန်း၊ Disk Media Products ၃၁.၄ ရာခိုင်နှုန်း၊ ဆားကစ်ပြားများ(Integrated Circuits) ၄၀.၉ ရာခိုင်နှုန်းနှင့် ဆေးဝါးတင်ပို့မှုမှာ ၁၈.၈ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

ထိုင်ဝမ်သို့ တင်ပို့မှုမှာ အောက်တိုဘာလတွင် ၆၁.၅ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး အထူးပြုလုပ်ထားသည့်စက်ပစ္စည်းများတင်ပို့မှု ၁၁၉.၈ ရာခိုင်နှုန်း၊ Integrated Circuits တင်ပို့မှု ၇၃.၉ ရာခိုင်နှုန်းနှင့် Printed Circuit Boards များတင်ပို့မှု ၇၁.၃ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။ဟောင်ကောင်သို့ စက်သုံးဆီမှအပ ကျန်ကုန်စည်များတင်ပို့မှုမှာ အောက်တိုဘာလတွင် ၆၆.၉ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး Integrated Circuits တင်ပို့မှု ၉၃.၃ ရာခိုင်နှုန်း၊ အထူးပြုလုပ်ထားသည့် စက်ပစ္စည်းများတင်ပို့မှု ၈၄၈.၁ ရာခိုင်နှုန်းတိုးတက်ခဲ့ပါသည်။

စင်ကာပူနိုင်ငံ၏ အကြီးဆုံးပို့ကုန်မိတ်ဖက်နိုင်ငံဖြစ်သည့် အမေရိကန်နိုင်ငံသို့ တင်ပို့နိုင်မှုမှာ ၁၂.၅ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၆ လဆက်တိုက်တင်ပို့မှုကျဆင်းခဲ့ပါသည်။ ထို့အပြင် ဂျပန်နိုင်ငံသို့ တင်ပို့နိုင်မှုမှာလည်း ၀.၁ ရာခိုင်နှုန်းကျဆင်းခဲ့ပါသည်။

ရင်းမြစ်။        The Straits Times

(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)

Category: International News