International News

ပဲပုပ်ဈေးနှုန်းမြင့်တက်မှုနှင့် မိုးနည်းမည့်ခန့်မှန်းချက်များကြောင့် အိန္ဒိယ၏ပဲပုပ်စိုက်ဧက တိုးတက်လာဖွယ်ရှိ

Last Updated:

အိန္ဒိယနိုင်ငံတွင် ပဲပုပ်ဈေးနှုန်းများမှာ လေးနှစ်အတွင်း အမြင့်ဆုံးသို့ ရောက်ရှိနေခြင်းနှင့် အယ်လ်နီညို(El Niño)ရာသီဥတုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုမှာ ပုံမှန်ထက် လျော့နည်းနိုင်သည်ဟု ခန့်မှန်းထားချက်များကြောင့် တောင်သူများသည် ရေလိုအပ်ချက်များသော ကြံနှင့် ပြောင်းအစား ဆီထွက်သီးနှံများကို ပြောင်းလဲစိုက်ပျိုးကြမည်ဖြစ်ပြီး ယခုနှစ်တွင် ပဲပုပ်စိုက်ဧကပိုမိုတိုးတက်လာမည်ဟုမျှော်လင့်ရကြောင်း တောင်သူများနှင့် စက်မှုလုပ်ငန်းရှင်များက Reuters သတင်းဌာနသို့ ပြောကြားခဲ့ပါသည်။

ပဲပုပ်သည် အိန္ဒိယနိုင်ငံ၏ အဓိကနွေရာသီစိုက်ဆီထွက်သီးနှံဖြစ်ပြီး ပဲပုပ်ထုတ်လုပ်မှုမြင့်တက်လာခြင်းသည် ကမ္ဘာ့စားသုံးဆီအများဆုံးတင်သွင်းသည့် အိန္ဒိယနိုင်ငံအတွက် ပြည်ပမှ စားအုန်းဆီ၊ ပဲပုပ်ဆီနှင့် နေကြာဆီတင်သွင်းမှုကို လျှော့ချနိုင်ရန် အထောက်အကူဖြစ်စေမည်ဖြစ်ပါသည်။ ထို့ပြင် ပြည်တွင်းပဲပုပ်နှင့် ပဲဖတ်(Soymeal)ဈေးနှုန်းများကိုလည်း ကျဆင်းစေမည်ဖြစ်ရာ ပဲဖတ်ကို အဓိကအသုံးပြုနေသည့် အိန္ဒိယ၏ ကြက်ဘဲမွေးမြူရေးလုပ်ငန်းအတွက်လည်း အကျိုးရှိစေမည်ဖြစ်ပါသည်။

၂၀၂၅ ခုနှစ်တွင် တောင်သူများသည် ပဲပုပ်အစား ပြောင်းကို ပြောင်းလဲစိုက်ပျိုးခဲ့ကြပါကြောင်း၊ သို့သော် ပဲပုပ်သည် ပြောင်းထက် ဝင်ငွေပိုကောင်းလာသည့်အတွက် ယခုရာသီတွင် ပဲပုပ်ကို ပြန်လည်ပြောင်းလဲစိုက်ပျိုးကြမည်ဟု မျှော်လင့်ရပါကြောင်း ပဲဖတ်ထုတ်လုပ်တင်ပို့သည့် Maharashtra Oil Extractions ကုမ္ပဏီ၏ မန်နေဂျင်းဒါရိုက်တာ Manoj Agrawal က ပြောကြားခဲ့ပါသည်။

၂၀၂၆ ခုနှစ်၊ မေလတွင် ပဲပုပ်ဈေးနှုန်းမှာ ကီလိုဂရမ် ၁၀၀ လျှင် ရူပီး ၇,၅၈၇ အထိမြင့်တက်ခဲ့ပြီး ၎င်းသည် လေးနှစ်အတွင်းအမြင့်ဆုံးဖြစ်ကာ အစိုးရ၏အခြေခံဈေးနှုန်း ရူပီး ၅,၃၂၈ ထက် များစွာမြင့်မားနေချိန်တွင် ပြောင်းဈေးနှုန်းများမှာ အစိုးရသတ်မှတ်ထားသော အနိမ့်ဆုံးဈေး ရူပီး ၂,၄၀၀ အောက်တွင်သာ ရှိနေဆဲဖြစ်ပါသည်။

အိန္ဒိယတောင်သူများသည် ၂၀၂၅ ခုနှစ်တွင် ပဲပုပ်ကို ဟက်တာ ၁၂ သန်းတွင်စိုက်ပျိုးခဲ့ပြီး ယခုနှစ်တွင် စိုက်ပျိုးဧရိယာ ၁၀ ရာခိုင်နှုန်းအထိတိုးတက်လာမည်ဟု လုပ်ငန်းရှင်များက ခန့်မှန်းထားကြပါသည်။

ယေဘုယျအားဖြင့် တောင်သူများသည် ပဲပုပ်နှင့် အခြားနွေရာသီသီးနှံများကို မိုးဦးကျချိန် ဇွန်လတွင် စတင်စိုက်ပျိုးလေ့ရှိသည်။ သို့သော် ယခုနှစ်တွင် အယ်လ်နီညိုဖြစ်စဉ်ကြောင့် မိုးရွာသွန်းမှုမှာ ၁၁ နှစ်အတွင်း အားအနည်းဆုံးဖြစ်နိုင်သည်ဟု ခန့်မှန်းထားပါသည်။

ယခုနှစ်တွင် မိုးနည်းမည့် ခန့်မှန်းချက်များကြောင့် ရေလိုအပ်ချက်နည်း သောပဲပုပ်စိုက်ပျိုးရန် တောင်သူများ ပိုမိုစိတ်ဝင်စားလာကြခြင်းဖြစ်ပါ သည်။ မဟာရက်ရှထရာပြည်နယ်အနောက်ပိုင်း Solapur ဒေသမှ တောင်သူ Manoj Kale က ၎င်းတို့အနေဖြင့် အမြဲတမ်းကြံစိုက်ပျိုးပါကြောင်း၊ သို့သော် ယခုနှစ် မိုးနည်းမည်ဟု ခန့်မှန်းထားသည့်အတွက် ရေလိုအပ်ချက်နည်းသည့် ပဲပုပ်ကိုသာ စိုက်ပျိုးရန်စီစဉ်နေပါကြောင်း ပြောကြားခဲ့ပါသည်။

ပဲပုပ်စိုက်ပျိုးဧရိယာတိုးတက်လာနိုင်သော်လည်း အထွက်နှုန်းကောင်း၊ မကောင်းမှာမူ မိုးရွာသွန်းမှုအပေါ်တွင်သာ မူတည်ကြောင်း အိန္ဒိယပဲပုပ်ပြုပြင်ထုတ်လုပ်သူများအသင်း(Soybean Processors Association-SOPA)၏အမှုဆောင်ဒါရိုက်တာ D.N. Pathak က ပြောကြားခဲ့ပါသည်။

၂၀၂၅ ခုနှစ်တွင် ပဲပုပ်ထွက်ရှိမှုလျော့နည်းခဲ့ခြင်းကြောင့် အိန္ဒိယ၏ပဲပုပ်တင်သွင်းမှုမှာ ယခုနှစ်တွင် တန်ချိန် ၉၀၀,၀၀၀ အထိ စံချိန်တင်မြင့်တက်လာမည်ဟု မျှော်မှန်းထားပါသည်။

လွန်ခဲ့သည့်နှစ်များတွင် ပဲပုပ်ဆီတင်သွင်းမှုမြင့်တက်ခဲ့ပြီး ယခုပဲပုပ်ထုတ်လုပ်မှုတိုးတက်လာ ခြင်းသည် ပဲပုပ်ဆီတင်သွင်းမှုကို လျှော့ချနိုင်ရန်အထောက်အကူဖြစ်စေမည်ဖြစ်ကြောင်း မွန်ဘိုင်းအခြေစိုက်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် စားအုန်းဆီကို အဓိကအားဖြင့် အင်ဒိုနီးရှားနှင့် မလေးရှားတို့မှ တင်သွင်းပြီး ပဲပုပ်ဆီနှင့် နေကြာဆီကိုမူ အာဂျင်တီးနား၊ ဘရာဇီး၊ ရုရှားနှင့် ယူကရိန်းနိုင်ငံတို့မှ တင်သွင်းလျက်ရှိပါသည်။

Source: Indian soybean acreage expected to rise on higher prices, weak monsoon outlook: The Economic Times: June 16, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News