International News

အိန္ဒိယနိုင်ငံက ဥတ္တရာခန်းပြည်နယ်ထွက် လတ်ဆတ်သော လိုင်ချီးသီးများကို အီတလီနိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့ခဲ့

Last Updated:

အိန္ဒိယနိုင်ငံသည် ဥတ္တရာခန်း(Uttarakhand)ပြည်နယ်၊ ဒီရာဒွန် (Dehradun)ဒေသထွက် လတ်ဆတ်သော လိုင်ချီးသီးများကို အီတလီနိုင်ငံသို့ ပထမဆုံးအကြိမ်တင်ပို့ခဲ့ပြီး ဟိမဝန္တာတောင်တန်းဒေသရှိ အဆိုပါပြည်နယ်အနေဖြင့် ဥရောပစျေးကွက်သို့ စတင်ဝင်ရောက်နိုင်ခဲ့ပြီဖြစ်ကြောင်း အိန္ဒိယအစိုးရက ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် ပြောကြားခဲ့ပါသည်။

အိန္ဒိယနိုင်ငံသည် ဥတ္တရာခန်း(Uttarakhand)ပြည်နယ်အနေဖြင့် လတ်ဆတ်သော လိုင်ချီးသီး (၁)မက်ထရစ်တန် အီတလီနိုင်ငံသို့ ပထမဆုံးကုန်တင်ပို့ခြင်းကို ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါသည်။

စိုက်ပျိုးရေးထုတ်ကုန်နှင့် ပြုပြင်ထားသောအစားအစာထုတ်ကုန်များတင်ပို့မှုဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့(APEDA)သည် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၈ ရက်နေ့တွင် ဒီရာဒွန်မှ အီတလီနိုင်ငံသို့ ပထမဆုံးသော လတ်ဆတ်သည့် လိုင်ချီးသီးတင်ပို့မှုကို စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

ဒီရာဒွန်ဒေသရှိလိုင်ချီးသီးသည် ၎င်း၏ထူးခြားသော ချိုမြိန်မှု၊ ဆွဲဆောင် မှုရှိသော အရောင်၊ သင်းပျံ့သောရနံ့နှင့် ကောင်းမွန်သော အသားအရည် အသွေးတို့ကြောင့်လူသိများပါသည်။ ဒီရာဒွန် (Dehradun)၊ ဟာရီဒွါး (Haridwar)၊ နိုင်နီတဲလ်(Nainital)နှင့် အူဒမ်ဆင်းနာဂါ(Udham Singh Nagar) ဒေသများတွင် Rose Scented၊ Calcuttia နှင့် Bedana စသည့်ထင်ရှားသော မျိုးစိတ်များကို စိုက်ပျိုးကြပါသည်။

ယင်းတင်ပို့မှုအစီအစဉ်ကြောင့်စိုက်ပျိုးထုတ်လုပ်သူများအတွက် အကျိုး အမြတ်ပိုမိုရရှိစေခဲ့ပြီး တောင်သူများသည် ပြည်တွင်းစျေးကွက်ရှိ ပေါက်စျေးများထက် ခန့်မှန်းခြေ ၂၅ ရာခိုင်နှုန်းခန့် ပိုမိုမြင့်မားသော စျေးနှုန်းများကို ရရှိခဲ့ကြကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။

Source: India’s first export of fresh Uttarakhand Litchi to Italy marks entry into European market: The Economic Times: June 19, 2026.

(လွင်ကိုကိုမောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News