International News

ဗီယက်နမ်နိုင်ငံသည် ၄ လအတွင်း သီဟိုဠ်စေ့ တန်ချိန် ၁၉၅,၆၀၀ တင်ပို့

Last Updated:

ဗီယက်နမ်နိုင်ငံသည် ယခုနှစ် ပထမလေးလအတွင်း သီဟိုဠ်စေ့တန်ချိန် ၁၉၅,၆၀၀ တင်ပို့ခဲ့ပြီး အမေရိကန်ဒေါ်လာ ၁.၃၃ ဘီလီယံရှိကြောင်း အကောက်ခွန်ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရှိရပါသည်။ ပမာဏအားဖြင့် ၁၀ ရာခိုင်နှုန်းကျဆင်းခဲ့သော်လည်း ၂၀၂၄ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက တန်ဖိုးအားဖြင့် ၁၄.၄ ရာခိုင်နှုန်းတိုးလာကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံသည် ဧပြီလတစ်လတည်းတွင် သီဟိုဠ်စေ့ ၇၃,၄၁၀တန်တင်ပို့ခဲ့ပြီး ပမာဏအားဖြင့် ၃၁.၅ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

သီဟိုဠ်စေ့ပို့ကုန်ဈေးနှုန်းများသည် ယခင်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက သိသိသာသာမြင့်တက်လာခဲ့ကြောင်း၊ ယခုနှစ် ပထမလေးလပတ်အတွက် ပျမ်းမျှပို့ကုန်ဈေးမှာ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆,၈၁၇ ရှိပြီး ယခင်နှစ်အလားတူကာလထက် ၂၇.၁ ရာခိုင်နှုန်းမြင့်တက် ခဲ့ကြောင်း၊ တရုတ်၊ အမေရိကန်၊ နယ်သာလန်၊ အာရပ်စော်ဘွားများပြည်ထောင်စု(UAE)နှင့် ဂျာမနီတို့သည် ဧပြီလတွင် ဗီယက်နမ်သီဟိုဠ်စေ့အတွက် ထိပ်တန်းတင်ပို့သည့်ဈေးကွက် ၅ ခုဖြစ်ကြောင်း ရေးသား ဖော်ပြထားပါသည်။

တရုတ်နိုင်ငံသည် သီဟိုဠ်စေ့တင်ပို့မှုအတွက် ဗီယက်နမ်နိုင်ငံ၏အကြီးဆုံးဈေးကွက်ဖြစ်လာခဲ့ပြီး တစ်လအတွင်း တန်ချိန် ၂၃,၇၅၀ တင်ပို့ကာ အမေရိကန်ကန်ဒေါ်လာ ၁၄၉.၁ သန်းရရှိခဲ့ပြီး အမြင့်ဆုံးတိုးတက်မှုအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်သီဟိုဠ်စေ့အသင်း(VINACAS) ၏ဒုတိယဥက္ကဋ္ဌဖြစ်သူ Mr. Bạch Khánh Nhựt က သီဟိုဠ်စေ့လုပ်ငန်းအနေဖြင့် ၂၀၂၅ ခုနှစ်တွင် ပို့ကုန်ဒေါ်လာ ၄.၅ ဘီလီယံကျော်ရရှိရန် ရည်မှန်းထားကြောင်း သိရှိရပါသည်။ အဆိုပါရည်မှန်းချက်အောင်မြင်စေရန်အတွက် စက်မှုလုပ်ငန်းသည် ထုတ်ကုန်အရည်အသွေးတိုးတက်ရေး၊ ကွဲပြားသောစျေးကွက်များနှင့် ကုန်သွယ်မှုမြှင့်တင်ရေးတို့ကို အားကောင်းစေမည့် မဏ္ဍိုင်သုံးရပ်ကို အာရုံစိုက်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရပါသည်။

၂၀၂၃ ခုနှစ်တွင် VINACAS ၏ကုန်သွယ်မှုမြှင့်တင်ရေးကိုယ်စားလှယ်အဖွဲ့သည် ထွန်းသစ်စဈေးကွက်ဟုယူဆသည့် ဂျပန်နိုင်ငံသို့ သွား ရောက်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် ကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြောင်း၊ ယခုနှစ်တွင် ကုန်သွယ်မှုမြှင့်တင်ရေးလှုပ်ရှားမှုများကို စက်တင်ဘာလတွင် သြစတြေးလျနိုင်ငံ၌ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဗီယက်နမ်သီဟိုဠ်စေ့ထုတ်လုပ်သည့် စီးပွားရေးလုပ်ငန်းများသည် အရှေ့အလယ်ပိုင်းဈေးကွက် အထူးသဖြင့် UAE ကိုလည်း အာရုံစိုက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသတွင်းစိုက်ပျိုးရေးထွက်ကုန်များအတွက် ကုန်သွယ်မှုဗဟိုချက်အဖြစ် ရှုမြင်ပါကြောင်း၊ ဗီယက်နမ်သီဟိုဠ်စေ့လုပ်ငန်းအများအပြားသည် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများကိုရှာဖွေရန်နှင့် စျေးကွက်ချဲ့ထွင်ရန်အတွက် ဖေဖော်ဝါရီလတိုင်း UAE တွင် ကျင်းပသည့် Good Food Fair တွင် ပါဝင်ဆောင်ရွက်လျက်ရှိပါကြောင်း ဖော်ပြထားပါသည်။ ထို့ကဲ့သို့အလားအလာရှိသည့် စျေးကွက်ကို အောင်မြင်စွာထိုးဖောက်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်ချက်မှာ ဗီယက်နမ်စီးပွားရေးလုပ်ငန်းများ၏ ထုတ်လုပ်မှုလုပ်ငန်းစဉ်များနှင့် ထုတ်ကုန်အရည် အသွေးကိုမြှင့်တင်ရန် အဓိကလိုအပ်ချက်ဖြစ်ကြောင်း Nhựt မှ ပြောကြားခဲ့သည်။ 

ဗီယက်နမ်စီးပွားရေးလုပ်ငန်းများသည် အရှေ့အလယ်ပိုင်းဈေးကွက်မှ လိုအပ်သည့်စံနှုန်းများ လိုက်လျောညီထွေဖြစ်အောင် အရှေ့အလယ်ပိုင်းဈေးကွက်ဆိုင်ရာ အချက်အလက်များအား ပုံမှန်သိရှိရန်လိုအပ်ပါကြောင်း၊ ဈေးကွက်အသစ်ဝင်ရောက်သည့်အခါ လိမ်လည်မှု သို့မဟုတ် အမြတ်ထုတ်ခြင်းကဲ့သို့သောအန္တရာယ်များပါဝင်သောကြောင့် မိမိတို့၏ အကျိုးစီးပွားများကာကွယ်ရန် အထူးသတိထားဆောင်ရွက်ရမည်ဖြစ် ကြောင်း ဖော်ပြထားပါသည်။

VNACAS သည် အရှေ့အလယ်ပိုင်းရှိ ဗီယက်နမ်သံရုံးများ၊ ကုန်သွယ်ရေးသံမှူးများနှင့် ချိတ်ဆက်မှုများကို ပံ့ပိုးပေးသည့် တံတားတစ်ခုသဖွယ်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အဆိုပါဆောင်ရွက်ချက်သည် မိတ်ဖက်များနှင့်ပတ်သက်သည့် အချက်အလက်များကို စုဆောင်းမျှဝေရန်နှင့် ထိုဈေးကွက်များတွင် စီးပွားရေးလုပ်ငန်းများအတွက် ဖြစ်နိုင်ချေရှိသောအန္တရာယ်များကို လျှော့ချရန်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

Source: Viet Nam News

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News